အာဆင်နယ် အသင်းဟာ အမေရိက ခြေစမ်းပွဲ ခရီးစဉ် ရဲ့ ပထမဆုံး ပွဲ အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၇ နာရီမှာ မေဂျာလိဂ် All-Stars အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ် ။ မေဂျာလိဂ် All-Stars အသင်း ရဲ့ နည်းပြ အဖြစ် ဒီစီယူနိုက်တက် နည်းပြ ဝိန်းရွှန်းနီ က တာဝန် ယူ သွားမှာပါ ။
ခြေစမ်းပွဲ မတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ရွှန်းနီ ဟာ အာဆင်နယ် ၊ အာတီတာ နှင့် ဒက်ကလန်ရိုက်စ် တို့နဲ့ ပတ်သက်ပြီး ခုလို မှတ်ချက် ပေးလာခဲ့ပါတယ် ။ ” အာဆင်နယ် က သိပ်ကို ကောင်းမွန်တဲ့ ဘောလုံး ရာသီ တခုကို ပိုင်ဆိုင် နိုင်ခဲ့တာပါ ၊ သူတို့ ကြီးမားတဲ့ ခြေလှမ်း တစ်လှမ်း ကို လျှောက်နိုင်ခဲ့တယ်ဆိုရမှာပါ ၊ အခု ခေါ်ထားတဲ့ ကစားသမားသစ်တွေနဲ့သာဆို မန်စီးတီးကို ကောင်းကောင်း challenge လုပ်နိုင်ပါလိမ့်မယ် ။ ”

” လီဗာပူး ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ ပိုကောင်းလာဖို့လည်း မျှော်လင့် ထားပါတယ် ။ အာဆင်နယ် ကလည်း သိပ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ လုပ်ထားတာကြောင့် လာမယ့် ရာသီမှာလည်း ချန်ပီယံဆုကို ထပ်မံ စိန်ခေါ် ယှဉ်ပြိုင် နိုင်ဦးမှာပါ ။ ”
” အာတီတာ က သူ့ရဲ့ အာဆင်နယ် နည်းပြ ဘဝ ပထမဆုံးရာသီမှာတင် အက်ဖ်အေ ဖလား ရယူ နိုင်ခဲ့တာပါ ၊ မနှစ်ကလည်း စီးတီးကို ကောင်းကောင်း ဖိအား ပေးနိုင်ခဲ့ပါတယ် ၊ လူငယ် နည်းပြ တစ်ဦး ခုလို လုပ်ပြနိုင်တာကို မြင်ရတာ တကယ် မိုက်ပါတယ် ၊ နည်းပြတိုင်းကတော့ သူတို့အသင်းကို သူတို့ ပုံစံ နဲ့ နည်းပြ နေကြတာပါပဲ ၊ သူ လုပ်ပြထားတာတွေက တကယ်ကောင်းပါတယ် ၊ ဂွာဒီယိုလာ နဲ့ အတူ အလုပ်တွဲလုပ်ခွင့် ရခဲ့တာက သူ့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။ ကျနော် ကိုယ်တိုင်လည်း အာတီတာ ဖြတ်ကျော်ခဲ့ရတဲ့ အဆင့်တွေကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစား နေဆဲပါ ။ ”

” ရိုက်စ် ကို ခေါ်ယူ နိုင်ခဲ့တာက အာဆင်နယ် အတွက် ကြီးမားတဲ့ ခေါ်ယူမှု ပါပဲ ။ သူက စိတ်ဓတ် ကြံ့ခိုင်မှု အားကောင်းတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ အသက်လည်း ငယ်ပါသေးတယ် ၊ ထိပ်တန်း ခြေစွမ်းမှာ ရောက်နေတဲ့ ကစားသမား တစ်ဦးကို ရလိုက်တာပါ ၊ နောက်ပြီး အသင်းရဲ့ အဝတ်လဲခန်း အတွင်းမှာ ဦးဆောင် နိုင်မယ့်သူဆိုလည်း မှန်ပါတယ် ၊ အာဆင်နယ် ကပ္ပတိန်တောင် ဖြစ်လာနိုင်သူပါ ၊ သူက အာဆင်နယ် အသင်း လိုအပ်နေခဲ့တဲ့ ကစားသမားပါပဲ ၊အာဆင်နယ် က ထိပ်တန်း ကစားသမား ကို ခေါ်လိုက်နိုင်တာ ဖြစ်တယ်လို့ ကျနော် ကတော့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။