ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း ကစားသမားသစ် ၈ဦး အထိ ခေါ်ယူခဲ့ရာ ထိုအထဲမှာ ရှက်တာဒိုးနက်စ် အသင်းကနေ ယူကရိန်း လက်ရွေးစင် ကြယ်ပွင့် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ကို ယူရိုသန်း ၇၀နဲ့ ခေါ်ယူခဲ့ခြင်းလည်း တခု အပါအဝင် ဖြစ်ပါတယ် ။
အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ မူဒရစ်ဟာ ပြီးခဲ့တဲ့ ဒုတိယ ရာသီဝက်မီမှာ ချဲလ်ဆီး အတွက် ဂိုးဖန်တီးမှု ၂ကြိမ်သာ လုပ်ပြနိုင်ခဲ့ပြီး ၊ ဂိုးလုံးဝ မသွင်းနိုင်ခဲ့တဲ့ အထိ ခြေစွမ်းက အထူး ဆိုးရွားခဲ့ပါတယ် ။ သို့ပေမယ့် ၈နှစ်ခွဲ စာချုပ် ချုပ်ထားခြင်း အတွက် ချဲလ်ဆီးဖက်က ၄င်းအပေါ် ထောက်ခံမှု အပြည့်အဝ ဆက်ပေးသွားမှာ သေချာပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ မူဒရစ်သာမက ခြေစွမ်းမပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတား အမြောက်အမြား ရှိခဲ့တာကြောင့် ၄င်းတဦးတည်းကို ကွက်ပြီး ဝေဖန်ရင် အနည်းငယ် လွန်ရာကျမှာ ဖြစ်ပါတယ် ။ လာမယ့် ရာသီသစ်မှာတော့ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုက ချဲလ်ဆီးကို ကိုင်တွယ်မှာဖြစ်ပြီး ၄င်းလက်ထက်မှာ ယင်းယူကရိန်းသား ဘယ်လောက်ထိ ခြေစွမ်းတိုးတက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက်ကတော့ သူဟာ မူဒရစ်နဲ့ ပတ်သက်ပြီး ကနဦး ယူဆချက် လွဲခဲ့ကြောင်း ထုတ်ဖော် ဝန်ခံရင်း ၊ ယူကရိန်းလိဂ်ကနေ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာတဲ့ ပထမ ၆လ အတွင်း ၄င်းအတွက် အချိန် အတိုင်းအတာ တရပ် အထိ လိုအပ်ကြောင်း အခုလိုပဲ သုံးသပ်သွားပါတယ် ။

888 Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ပိုယက် က ” မနှစ်က ကျွန်တော် အမှား တခု လုပ်ခဲ့ပြီး ၊ အဲဒီ အမှားနဲ့ ပတ်သက်ပြီး ကျွန်တော် ထုတ်ပြောဖို့ မရဲခဲ့ပါဘူး ။ မစ်ခ်ဟိုင်းလို မူဒရစ်ကို ချဲလ်ဆီးတို့ ခေါ်ယူခဲ့စဉ်က ကျွန်တော်ဟာ ဒီအပြောင်းအရွှေ့က တကယ် ပြောင်မြောက်တယ်လို့ ထင်ခဲ့ပါတယ် ။ ဒါက ဘယ်လောက်ထိ မယုံနိုင်ဖွယ်ကောင်းတဲ့ ခေါ်ယူမှု တခု ဖြစ်လိုက်လဲလို့ ကျွန်တော် ထင်ခဲ့ပါတယ် ။ ”
” နောက်မှ ကျွန်တော့တုန်းက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ပြန်ပြီး အမှတ်ရခဲ့ပါတယ် ။ နိုင်ငံရပ်ခြားက ကစားသမား အမြောက်အမြား အင်္ဂလန်ကို ပြောင်းရွှေ့လာတဲ့အခါ တယောက်နဲ့ တယောက်တော့ အခြေကျပုံ ၊ တုန့်ပြန်ပုံချင်း မတူကြပါဘူး ။ ကျွန်တော်တို့ အားလုံး ဒီမှာ အထိုင်ကျဖို့ မတူညီတဲ့ အချိန် ပမာဏ ကိုယ်စီ လိုအပ်ကြပါတယ် ။ ”
” နောက်နေ့ ကျွန်တော် ဒီအသင်း အတွက် ကစားပေးပြီး ၊ ကွင်းတွင်း အကောင်းဆုံး ကစားသမား ဖြစ်အောင် လုပ်ပြမယ် ဆိုပြီး ကိုယ်ကိုယ်ကို လုံလောက်နေပြီ အထင်နဲ့ ကြွေးကြော်တတ်ကြတာချည်းပါပဲ ။ ဒါပေမယ့် ဘောလုံးနဲ့ ဘဝမှာ ကွဲပြားမှုတွေ ရှိပါတယ် ။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်နဲ့ အခြေကျအောင် နေထိုင်ကြရပါတယ် ။ ”

” ကစားသမားသစ်တွေ ၊ တိုင်းတပါးက လာတဲ့ ကစားသမားတွေ ၊ ကျွန်တော် ဒီမှာ ကစားခဲ့တုန်းကလိုပေါ့ ၊ သူတို့ အားလုံး ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ ဘာတွေ ဖြစ်သွားနိုင်သလဲ ဆိုတာ ကျွန်တော် သိထားလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
မူဒရစ်ဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ရာသီ အဆုံးသတ်ခဲ့ပြီးနောက် ချစ်ကြည်ရေး ခြေစမ်းပွဲ ၊ ယူရို ၂၀၂၄ အုပ်စုအဆင့် ခြေစစ်ပွဲတွေ အတွက် ယူကရိန်း လက်ရွေးစင် အသင်းနဲ့ မဆိုင်းမတွ သွားရောက် ပူးပေါင်းခဲ့ကာ ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။
ထို့နောက် မူဒရစ်ဟာ နားရက်မယူပဲ လောလောဆယ် ကျင်းပနေဆဲ ဖြစ်တဲ့ ယူ၂၁ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ ယူကရိန်း ယူ၂၁ အသင်းနဲ့ တဆက်တည်း သွားရောက် ပူးပေါင်းခဲ့ပြီး ၊ အုပ်စုအဆင့်ပွဲတွေတော့ မကစားခဲ့ရပေမယ့် ၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် ပွဲတွေမှာ ပွဲထွက်ပါဝင်ခဲ့ကာ ၊ ၃ကြိမ် အထိ ဂိုးဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။