ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ စျေးကွက် အတွင်း ဗီလာရီးရဲလ် အသင်းမှ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို ယူရို ၃၇သန်း ၊ ၆နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီးနောက် လက်ရှိမှာ ကွင်းလယ် တနေရာ အတွက် ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် ။
နောက်ထပ် တိုက်စစ်မှူး တဦး ထပ်ဖြည့်နိုင်သေးတယ်လို့ သတင်းတွေ ထွက်ထားပေမယ့် ၊ အင်တာမီလန်သို့ မရမက ပြောင်းချင်နေတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူနဲ့ ရောင်းထုတ်ရခက်ခဲနေတဲ့ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းတို့ကို မရှင်းနိုင်သေးသ၍တော့ ခြင်္သေ့ပြာတို့ တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့ အလားအလာ အတော်နည်းနိုင်ပါတယ် ။

သို့ပေမယ့်လည်း လတ်တလောမှာ ချဲလ်ဆီးဟာ ရိုးမား နောက်ချန်တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီဖက်က လာတဲ့ သတင်းတွေ အရ သိရပါတယ် ။ ဒါ့အပြင် ဒီဘားလားရဲ့ စာချုပ်မှာ စီးရီးအေ ပြင်ပ ကလပ်တွေဟာ ၄င်းကို ပေါင် ၁၀သန်းတည်းနဲ့ ခေါ်ယူနိုင်တယ်လို့ ပါရှိပါတယ် ။
အသက် ၂၉နှစ် အရွယ်ရှိ ယင်းအာဂျင်တိုင်းသားဟာ ပြီးခဲ့တဲ့ ရာသီမှာ ရိုးမား အတွက် စီးရီးအေ ၂၅ပွဲမှာ ၁၂ဂိုးသွင်း ၊ ၆ဂိုး ဖန်တီးနိုင်ခဲ့သလို ၊ ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း ဂိုးသွင်းပေးခဲ့ပါတယ် ။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက လိုက်ပ်ဇစ်ကနေ ကြိုတင် ခေါ်ယူထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူကြောင့် သူနဲ့ ကစားပုံ ဆင်တဲ့ ဒီဘားလားကို ထပ်ခေါ်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မနေ့ကတော့ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ အားလပ်ရက် ခရီးကနေ ရောမသို့ ရာသီကြို ပြင်ဆင်မှု စတင်ဖို့ အတွက် ပြန်ရောက်လာခဲ့ပြီး ၊ လေဆိပ်မှာ သတင်းထောက်တွေက ၄င်းကို ဒီဘားလားနဲ့ ချဲလ်ဆီး အကြား အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်ကာ ဆီးကြို မေးမြန်းခဲ့ရာ ၊ ယင်းပေါ်တူဂီသားက အခုလိုပဲ တုန့်ပြန်ဖြေကြားလာပါတယ် ။
မော်ရင်ဟို က ” ကျွန်တော် သူ့ရဲ့ စာချုပ် အချက်အလက်တွေ အကြောင်း ဘာတခုမှ မသိရပါဘူး ။ ဒါပေမယ့် ကျွန်တော်ဟာ ပေါ်လိုကို တခြား အသင်းသားတွေနည်းတူ အမြဲတမ်း စကားအပြောအဆိုတော့ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီထံမှ စိတ်ဝင်စားမှု ရခဲ့တဲ့ မော်ရင်ဟိုဟာ ဒီနွေတတွင်းမှာ ဆော်ဒီမှ ချဉ်းကပ်မှု ရရှိခဲ့ပြီး ၊ ၄င်းအတွက် ယူရိုသန်း ၁၀၀တန် ၃နှစ် စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်မှ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကာ ၊ ရိုးမားမှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့ပါတယ် ။