အသက် ၃၂နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကူလီဘာလီဟာ မနှစ်က ချဲလ်ဆီးရဲ့ ဘယ်ခံစစ်မှူး အန်တိုနီယို ရူဒီဂါ လစ်လပ်သွားလို့ အစားဝင်လာခဲ့တာ ဖြစ်ပေမယ့် ၊ နည်းပြ အပြောင်းအလဲ ဖြစ်အပြီးမှာ ကစားခွင့်တွေ နည်းပါးလာပြီး ၊ ခြေစွမ်း သိသိသာသာ ထိုးကျသွားပါတယ် ။
ဂျာမန်လူမျိုး ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်ဟာ ကူလီဘာလီကို မနှစ်က ဒုတိယမြောက် နွေရာသီ ကစားသမားသစ် အဖြစ် ခေါ်ယူခဲ့ပေမယ့် ၊ ၄င်းဟာ ရက်သတ္တပတ် အနည်းငယ် အကြာမှာပဲ ရာထူးက အထုတ်ခံခဲ့ရပါတယ် ။ ထို့နောက် ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ရောက်လာချိန်မှာတော့ ယင်းဆီနီဂေါသား ပုံမှန် ကစားခွင့် ပျောက်ဆုံးသွားခဲ့ပါတယ် ။

အသက်အရွယ်ကြောင့် ပရီးမီးယားလိဂ်မှာ ချက်ချင်း အံတုဖို့ မလွယ်နိုင်တာ မှန်ပေမယ့် ၊ ကူလီဘာလီ အတွက် ချဲလ်ဆီးဖက်က တနှစ်ဆိုတဲ့ အချိန်က လုံလောက်ပြီလို့ ယူဆခဲ့သလို ၊ အခုလို ဆော်ဒီမှ ကမ်းလှမ်းမှု ရလာအပြီးမှာ ကစားသမားနဲ့ ကလပ် ၂ဦး၂ဖက် ညှိနှိုင်းမှု ပြေပြေလည်လည်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်သွားတာ ဖြစ်ပါတယ် ။
တရာသီလုံးမှာ ပရီးမီးယားလိဂ် ပွဲ၂၀သာ ပွဲထွက်ခွင့် ရခဲ့တဲ့ ကူလီဘာလီက ကလပ်နဲ့ နည်းပြဟောင်းတွေထံက ပွဲကစားခွင့့် အာမခံချက် မရခဲ့တာက သူ့ကို ပရီးမီးယားလိဂ်နဲ့ ချဲလ်ဆီးမှာ တနှစ် အတွင်း အထိုင်ကျဖို့ ရုန်းကန်ရစေခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

Corriere Dello Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ကူလီဘာလီ က ” ချဲလ်ဆီးမှာ ကျွန်တော်ဟာ ပုံမှန် ကစားခွင့် အတွက် အာမခံချက် မရခဲ့ပါဘူး ။ ကျွန်တော်ဟာ အမြဲတမ်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ ပြုမူခဲ့ပါတယ် ။ ဒါပေမယ့် အရန်ခုံပေါ်မှာ ထိုင်ပြီး ဘာတခု မလုပ်ရတာကိုတော့ ကျွန်တော် မကြိုက်ပါဘူး ။ ”
” ကျွန်တော်ဟာ လူငယ် ကစားသမားတွေ အတွက် စံပြဥပမာ ပုဂ္ဂိုလ် တဦး ဖြစ်နိုင်မယ့် ၊ ကိုယ့်ကို စီမံကိန်း တခုရဲ့ ဗဟိုချက်မှာ ထားနိုင်မယ့် ၊ ကိုယ်တိုင်လည်း လိုလိုလားလား ရှိမယ့် နေရာကို ပိုပြီး နှစ်သက်ပါတယ် ။ ပရီးမီးယားလိဂ်ဟာ အံ့သြဖွယ်ကောင်းပြီး ၊ အဲဒီမှာ ကြီးကျယ်တဲ့ ကစားသမားတွေ ရှိပါတယ် ။ ”

” လူတွေဟာ ပရီးမီးယားလိဂ်မှာ နာပိုလီက ကူလီဘာလီကို မြင်ရဖို့ မျှော်မှန်းခဲ့ကြတာပါ ။ ဒါပေမယ့် ကျွန်တော့ရဲ့ ပရီးမီးယားလိဂ် ရာသီက အရမ်းကြီး မဆိုးရွားခဲ့ဘူးလို့ ထင်ပါတယ် ။ ကျွန်တော် အချိန် လိုအပ်ခဲ့ပါတယ် ။ နည်းပြနဲ့ ကလပ်ရဲ့ ရွေးချယ်မှုတွေကြောင့် တနှစ်အတွင်း ကိုယ်လိုချင်သလို ဖြစ်မြောက်အောင် ကျွန်တော် သက်သေမပြနိုင်ခဲ့ပါဘူး ။ ”
” ကျွန်တော့ရဲ့ အကန့်အသတ်နဲ့ လုပ်နိုင်စွမ်း ၊ မိသားစုနဲ့ ကလေးတွေ အကြောင်း သင်ယူနိုင်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်မှု ရှိပါတယ် ။ ကျွန်တော့ အသင်းပြောင်းရမယ့် အချိန်ကျလာပြီမို့ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ ။ ”
” ကျွန်တော့ အသင်းဖော်တွေကလည်း မက်ဆေ့ခ်ျ အများကြီး ပို့ထားကြပါတယ် ။ သူတို့အားလုံး စိတ်မကောင်းဖြစ်ကြပါတယ် ။ ဒါပေမယ့် အာဖရိကဖလား အတွက် ကျွန်တော် ပြင်ဆင်ရပါမယ် ။ ဒါက ကျွန်တော့ အတွက် အရေးကြီးဆုံး အရာ ဖြစ်ပါတယ် ။ ဆီနီဂေါဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်လိုပါတယ် ။ ဒါပေမယ့် လွယ်မှာတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။






