Friday, October 24, 2025
spot_img
spot_img

ချက်နဲ့ ပွဲအပြီး ရော်နယ်ဒို အပေါ် ပေါ်တူဂီ ကစားသမားတွေရဲ့ ခံယူချက်နဲ့ ပတ်သက်ကာ သုံးသပ်ထောက်ပြလာတဲ့ စတူးဝပ် ပီယာ့စ်

ယမန်နေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့် နောက်ဆုံးပွဲမှာ ပေါ်တူဂီ အသင်းဟာ ချက်အသင်းကို အနောက်ကနေ လိုက်ကစားကာ ၊ ၂ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ နာမည်ကြီး ပေါ်တူဂီတို့ အဖို့ ဒါက အားရဖွယ်ကောင်းတဲ့ ခြေစွမ်း မဟုတ်သည့်တိုင် ၊ လိုအပ်တဲ့ အဖွင့် ၃မှတ်တော့ ခက်ခက်ခဲခဲ ရယူသွားနိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

ဒုတိယပိုင်း မိနစ် ၆၀ဝန်းကျင်မှာ ချက်ဖက်က အဖွင့်ဂိုး အရင်ရသွားခဲ့လို့ ၊ ပေါ်တူဂီတို့ ပိုပြီး ဖိဖိစီးစီး ကစားဖို့ ကြိုးစားခဲ့ပေမယ့် ၊ ရသွားတဲ့ ဂိုး၂ဂိုးက ကံတရားရဲ့ ဖေးမမှု အနည်းငယ် ပါဝင်ခဲ့တာကို တွေ့ရပါတယ် ။ စူပါစတား ဝါရင့်တိုက်စစ်မှူးကြီး ခရစ်တီယာနို ရော်နယ်ဒိုဟာလည်း ကိုယ်တိုင် ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ် ။

သို့ပေမယ့် ရော်နယ်ဒိုရဲ့ အဆုံးသတ်ပုံက တိုင်ထိထွက်ခဲ့သလို ၊ ကိုယ်တိုင်လည်း မဆိုစလောက် လူကျွံနေခဲ့တာကြောင့် ပြန်ထွက်လာတဲ့ အလုံးကို အဆုံးသတ်ခဲ့တဲ့ အသင်းဖော် ဒီယိုဂို ဂျိုတာရဲ့ ဂိုးကလည်း VAR ရဲ့ ပယ်ဖျက်ခြင်းကို ခံခဲ့ရပါတယ် ။

Talksport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အင်္ဂလန် ယူ၂၃ နည်းပြဟောင်း စတူးဝပ် ပီယာ့စ်က ပေါ်တူဂီ အသင်းသားတွေဟာ ကစားသမား ဘဝ နေဝင်ချိန်ထဲ ရောက်ရှိလာတဲ့ ရော်နယ်ဒို အပေါ် မယုံကြတော့ဘူးလို့ သုံးသပ်ခဲ့ပါတယ် ။

ပီယာ့စ် က ” ဒါက နည်းနည်းတော့ လွန်ရာကျကောင်းကျနိုင်ပါတယ် ။ ဒါပေမယ့် သူတို့ဟာ ရော်နယ်ဒိုကို ဘောလုံး ပေးဖို့ လုံလုံလောက်လောက် မယုံကြတော့ပါဘူး ။ ဒီလိုပုံစံမျိုးပေါ့ ။ သူ့ဆီ ဘောလုံး ဖြန့်ပေးဖို့ ခြေယောင်ပြခဲ့ပေမယ့် ၊ သူ့ခြေထဲ ဘောလုံး မပို့ပေးတဲ့ အခိုက်အတန့် အများကြီး ရှိခဲ့ပါတယ် ။ ”

” ဘာနာဒို ဆေးလ်ဗား ဖြတ်တင်ဖို့ အခွင့်အရေး တကြိမ် ရခဲ့တုန်းကပေါ့ ။ ဒါဟာ ချက်ဖက်က တားဆီးပစ်နိုင်ခဲ့တဲ့ ဘောလုံး ပေးပို့မှုတွေထဲက တခုပါပဲ ။ ဘာနာဒို ဆေးလ်ဗားဟာ ဒီဘောလုံးကို ပင်နယ်တီ ဧရိယာရဲ့ ဗဟိုချက်ဆီပဲ ဖြတ်တင်ပေးခဲ့ပါတယ် ။ ”

” ရော်နယ်ဒိုက ညာခြမ်းအတွင်းဖက် နေရာမှာ ရှိနေခဲ့တာပါ ။ အဲဒီမှာ ကျွန်တော် စဉ်းစားမိတာက လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆိုရင် ခင်ဗျားဟာ သူ့ရှေ့တည့်တည့်ဆီ ဘောလုံး ရောက်အောင် ပို့မှာပါပဲ ။ အဲဒီတုန်းက သူဟာ ဂိုးရှေ့ဆီ တန်းတန်းကြီး ရောက်လာပြီး ၊ အဆုံးသတ်သွင်းပေးလိမ့်မယ် ဆိုတာ ခင်ဗျား ကောင်းကောင်းသိထားတာကြောင့်ပါ ။ ”

” ဒါပေမယ့် ဒီနေ့မှာတော့ ဘာနာဒို ဆေးလ်ဗားဟာ ဒီလို ပေးပို့မှုမျိုး လုပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ဒါက အတော်လေး ထူးဆန်တယ်လို့ ကျွန်တော် မြင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ နယူးကာဆယ်နဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ပေါ်တူဂီဟာ ရော်နယ်ဒိုကို အားကိုးလွန်းနေတယ်လို့ သုံးသပ်ခဲ့ပါတယ် ။

BBC Sport ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ရှီးယား က ” ပေါ်တူဂီဟာ တခါတလေမှာ နေရာကောင်းတွေ ရခဲ့လျက်သားနဲ့ ခရစ်တီယာနို ရော်နယ်ဒိုကိုပဲ လိုက်ရှာနေခဲ့တာပါ ။ ပိုကောင်းတဲ့ တခြား ရွေးချယ်စရာတွေ ရှိနေခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ်ကတော့ ယင်းပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီတကြိမ် ယူရိုမှာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကထက် ပိုကောင်းနေသေးကြောင်း သုံးသပ်ရင်း ၊ ဂိုးရဖို့ဆို ၎င်းအတွက် ဂိုးသွင်းခွင့် တကြိမ်တလေသာ လိုအပ်ကြောင်း ချီးကျူးသွားပါတယ် ။

ဖာဘရီဂတ်စ် က ” ခင်ဗျား ဘာပဲလုပ်လုပ် ၊ ရော်နယ်ဒိုသာ ကောင်းကောင်း ကစားနိုင်တယ် ၊ ဒါမှမဟုတ် အသင်းက ကောင်းကောင်း ကစားနိုင်တယ်ဆိုရင် သူဟာ ဂိုးသွင်းခွင့် တခုခုတော့ အမြဲ ရှာဖွေတတ်ပါတယ် ။ သူဟာ နောက်ထပ် အဆင့်တဆင့်ဆီ သယ်ဆောင်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ပါတယ် ။ ”

” အခွင့်အရေး တခု ဖန်တီးဖို့ သူ့အတွက် နေရာလွတ် အခိုက်အတန့် အသေးစားလေး တခုပဲ လိုအပ်တာပါ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် သူ့ရဲ့ ပျမ်းမျှ ကစားပုံက အတော်လေး တိုးတက်လာပါပြီ ။ သူဟာ ပြိုင်ဖက် ခံစစ်မှူးတွေရဲ့ ရှေ့မှာ အမြဲ ရှိနေပါတယ် ။ သူဟာ တမူထူးခြားတဲ့ ကစားသမားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments