အာဂျင်တီးနားအသင်းအတွက် ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်ကစားသမား ကာဘိုနီအကြောင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားစူပါစတား မက်ဆီကိုယ်တိုင်ကလည်း ကာဘိုနီကို အခုလို ချီးကျူးခဲ့ပါသေးတယ်။

“ဗယ်လန်တင်(ကာဘိုနီ)ဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူပါ။ လက်ရှိအချိန်နဲ့ အနာဂတ်မှာ သူ့အတွက် အခွင့်အရေးကောင်း တွေရှိလာပါလိမ့်မယ်။ အာဂျင်တီးနား ယူ-၂၀ အသင်းမှာ ကစားကတည်းက သူ့ကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တော်တော်လေးကို တိုးတက်လာခဲ့တယ်။ ဗယ်လန်တင်က ကွာပြားခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ထူးခြားတဲ့ အရည်အသွေးရှိသူလည်း ဖြစ်ပါတယ်”လို့ ကာဘိုနီအပေါ် မက်ဆီကို ချီးကျူးခဲ့တာပါ။ ဂွါတီမာလာကို ဂိုးပြတ်အနိုင်ရတဲ့ပွဲအပြီးမှာ ဒီစကားကို မက်ဆီက ဆိုခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ကာဘိုနီက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။






