ဂယ်ရီနဗီးက မနေ့ညက ရိန်းဂျားကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဖရီးကစ်ကနေ လှပစွာ ကန်သွင်းယူကာ လီဗာပူး အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ထရန့်အလက်ဇန်းဒါးအာနိုးဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
အလက်ဇန်းဒါးအာနိုးဟာ ရိန်းဂျားနဲ့ ပွဲမတိုင်မီ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တဲ့အတွက် ဝေဖန်မှုတွေ ကြုံနေရတဲ့ အပြင် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ကာလအတွင်းမှာလည်း အင်္ဂလန် အတွက် တစ်မိနစ်မှတောင် ကစားခွင့်မရခဲ့ပါဘူး။
အလက်ဇန်းဒါးအာနိုးရဲ့ တိုက်စစ်ပိုင်း စွမ်းရည်တွေကတော့ ဘယ်တုန်းကမှ မေးခွန်းထုတ်စရာ အဖြစ် မရှိခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ တိုးတက်ဖို့ အတွက် လိုအပ်နေတဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးဟာ ထရန့်ရဲ့ ခံစစ်ကစားပုံ အပေါ် အကဲဖြတ်မှုတွေ လုပ်သွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမား အနေနဲ့ ခံစစ်ပိုင်းမှာ တိုးတက်လာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြသွားခဲ့ပါတယ်။
ဆက်လက်ပြီး နဗီးက အလက်ဇန်းဒါးအာနိုး အနေနဲ့ သူ့ရဲ့ game မှာ အခြေခံ ခံစစ်ကစားဟန်တွေကို သေချာလေ့လာကာ ဒါတွေကို ကွင်းထဲမှာ ကောင်းကောင်း အသုံးချနိုင်ခဲ့မယ် ဆိုရင် ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည် နေပါတယ်။

နဗီးက “တိုက်စစ်မှာ ဘောလုံးပျက်သွားတဲ့ အချိန် နောက်ကို အသဲအသန် ပြေးဆင်းတာ ၊ one v one ခံစစ်ကစားရတဲ့ အချိန်မှာ ခန္တာကိုယ်ကို နှိမ့်ထားတာ ၊ ဘောလုံးဟာ အခြား ကွင်းဘက်ခြမ်းမှာ ရှိနေတဲ့ အချိန် body shape ကို open လုပ်ထားတာ နဲ့ back post ကို ကာကွယ်ရတဲ့ အချိန်မှာ ခေါင်းကို မကြာခဏ rotate လုပ်နေပြီး အကွာအဝေးကို check တာတွေဟာ အခြေခံကျတဲ့ ခံစစ် ကစားဟန်တွေ ဖြစ်ပါတယ်။
သူဟာ ဘောလုံးရဲ့ ခက်ခဲတဲ့ အပိုင်းကို လုပ်ပြလာခဲ့တာပါ။ ဒီနိုင်ငံမှာ ကျွန်တော် မြင်တွေ့ခဲ့ဖူးတဲ့ full-back တွေထဲမှာ တိုက်စစ်ပိုင်းအတွက် သူ့လို လုပ်ပြနိုင်တဲ့ သူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ အကယ်လို့များ သူ့အနေနဲ့ အခြေခံ ခံစစ် ကစားဟန် ၄ ခုကို လေ့ကျင့်ရေးကွင်းမှာ အလုပ်လုပ်ပြီး ဒါတွေကို ကွင်းထဲမှာ ပုံမှန် လုပ်ပြနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီနိုင်ငံက မွေးထုတ်တဲ့ အကောင်းဆုံး ညာနောက်ခံလူတွေ ထဲက တစ်ဦးတင်မကပါဘူး။ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူကိုပါ မြင်တွေ့ရနိုင်ပါတယ်။ ကာဖူးဟာ full back တွေရဲ့ အမြင့်ဆုံး စံနှုန်း ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို အံ့ဖွယ်ကောင်းတဲ့ စပယ်ရှယ် ကစားသမား ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
မကြာသေးမီက ဆောက်ဂိတ်ရဲ့ လျစ်လျူရှုမှုတွေကြောင့် အလက်ဇန်းဒါးအာနိုး အနေနဲ့ လာမည့် ကာတာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ လူစာရင်းမှာ ပါ၀င်ခွင့် ရနိုင်ပမလားဆိုတဲ့ သံသယတွေ တိုးပွားလာခဲ့ပါတယ်။ နဗီးကတော့ လီဗာပူး ညာနောက်ခံလူ အနေနဲ့ ကမ္ဘာ့ဖလားကို သွားရောက်ခွင့် မရဘူးဆိုရင် အဲဒီအချိန်တွေမှာ သူ့ရဲ့ ခံစစ်ကစားဟန်ကို တိုးတက်အောင် လေ့ကျင့်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး နဗီးက “ခံစစ်မှာ ပြိုင်ဘက်နဲ့ one v one ရင်ဆိုင်ရတဲ့ အခါမှာ ကစားသမား တစ်ဦး အနေနဲ့ ခန္တာကိုယ်ကို မတ်နေလို့ မရပါဘူး။ ထရန့်ဟာ ဒီနေရာမှာ တအားကို relax ဖြစ်နေပြီး ခန္တာကိုယ်ကို မတ်ထားပါတယ်။ ပြသနာက ဒီလို အနေအထားနဲ့ တာတိုပြေးလွှားမှု လုပ်လို့ မရတာပါပဲ။ ဒီလို မတ်နေတာကြောင့် ဦးတည်ချက် ပြောင်းလို့ မရသလို ၊ ခေါင်းကို မြန်မြန်လှည့်လိုက်လို့လည်း မရနိုင်ပါဘူး။
ဘရိုက်တန်နဲ့ပွဲမှာ လီဗာပူးတို့ ပေးလိုက်ရတဲ့ ပထမဂိုးမှာ သူ့ရဲ့ body shape က မှားနေတဲ့ အပြင် သူဟာ ဗဟိုခံစစ် ကစားသမားနဲ့ တအားကို ကပ်နေခဲ့ပါတယ်။ သူဟာ မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့တဲ့ အပြင် သတိလည်း မရှိခဲ့ဘဲ ခြောက်ခြားနေခဲ့ပါတယ်။ သူဟာ တိုက်စစ်ပိုင်းမှာ ခက်ခဲတဲ့ အရာတွေကို လုပ်ပြထားပေမယ့် အခြေခံ ခံစစ်ကစားပုံမှာတော့ ရုန်းကန်နေရပါတယ်။ သူဟာ လီဗာပူး အတွက် ၄ နှစ် ၅ နှစ်လောက် ပြောင်မြောက်စွာ ကစားလာခဲ့တာပါ။
နောက်တန်း အစွန်လူတိုင်း တိုက်စစ်ကော ခံစစ်ပါ ရဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ တိုက်စစ် ကိန်းဂဏန်းတွေ ကတော့ တကယ့်ကို အံ့ဖွယ်ပါ။ ဒီအပိုင်းမှာတော့ ဒီနိုင်ငံရဲ့ အကြီးကြယ်ဆုံးတွေထဲက တစ်ဦး ပါပဲ။” လို့ ပြောလိုက်ပါတယ်။