၀ါရင့်အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက မိမိအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း မစဉ်းစားသေးဘဲ မိမိ၏စွမ်းဆောင်ရည်ကို တစ်ရက်ချင်း စောင့်ကြည့်အကဲဖြတ်သွားလိုကြောင်း ပြောကြားခဲ့သည်။
မက်ဆီ(၃၆ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်သည့်အတွက် လက်ရွေးစင်အသင်းမှ အနားယူရန် နီးစပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများရှိနေသလို၊ လက်ရှိအချိန်တွင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၌ ခြေစွမ်းပြနေဆဲဖြစ်သည့်အတွက် အနားယူလိမ့်ဦးမည် မဟုတ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယင်းအခြေအနေတွင် Olga TV နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်၌ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း မေးမြန်းခဲ့ရာ မက်ဆီက ”အဲဒီအကြောင်း မစဉ်းစားသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဝေးကြီးလိုသေးလို့ပါ။ ဒါပေမဲ့ ကိုပါ အမေရိကအကြောင်းတော့ စဉ်းစားပါတယ်။ ဒီမှာကစားနေတာ အဲဒီပြိုင်ပွဲအတွက် အသင့်ဖြစ်နေဖို့လည်း ပါပါတယ်။ ကိုပါပြီးမှ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။






