၂၀၂၃ ခုနှစ်အတွင်း ကလပ်လူစာရင်းအလိုက် စျေးကွက်တန်ဖိုးမြင့်တက်မှု အများဆုံးစာရင်းတွင် အာဆင်နယ်အသင်းက ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်းသိရသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး နည်းပြ အာတီတာ၏ လူငယ်ကစားသမားများအား ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းကလည်း တစ်စတစ်စ အောင်မြင်လာခဲ့သည်။
အာဆင်နယ်အနေဖြင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် အသင်းလူစာရင်းတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ တွင် ပြန်လည်မြင့်တက်လာကာ လက်ရှိအသင်းလူစာရင်း စျေးကွက်တန်ဖိုးမှာ ယူရို ၁ ဒသမ ၁၁ ဘီလျံအထိ ရှိနေသည်။ ယခုနှစ်အတွင်း လူစာရင်းစျေးကွက်တန်ဖိုး မြင့်တက်မှုအများဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ ခုနစ်သင်းအထိ ပါဝင်လျက်ရှိသည်။

နယူးကာဆယ်က ယူရို ၁၉၁ သန်း၊ ရီးယဲလ်မက်ဒရစ်က ယူရို ၁၈၉ သန်း၊ မန်စီးတီးက ယူရို ၁၈၃ ဒသမ ၅ သန်း၊ အက်စတွန်ဗီလာက ယူရို ၁၇၀ ဒသမ ၉ သန်း၊ ဘန်လေက ယူရို ၁၆၂ ဒသမ ၆ သန်း၊ ဘုန်းမောက်က ယူရို ၁၅၅ ဒသမ ၄ သန်း၊ ဘရိုက်တန်က ယူရို ၁၅၃ ဒသမ ၅ သန်း၊ လေဗာကူဆင်က ယူရို ၁၄၁ ဒသမ ၇ သန်း၊ ဂျီရိုနာက ယူရို ၁၂၈ ဒသမ ၉ သန်းစသဖြင့် အသီးသီး တန်ဖိုးမြင့်တက်ခဲ့သည်။
နယူးကာဆယ်အနေဖြင့် ယခုနှစ်အတွင်း ဂေါ်ဒွန်၊ တိုနာလီနှင့် ဟာဗေးဘန်းစ်စသည့် ကစားသမားများကို ပြောင်း ရွှေ့ကြေးအမြောက်အမြားဖြင့် ခေါ်ယူခဲ့မှုကြောင့် ယခုစာရင်းတွင် ဒုတိယနေရာ၌ ရှိနေစေခဲ့သည်။






