၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပေးအပ်ချီးမြှင့်မည့် The Best အကောင်းဆုံးကစားသမားဆုကို ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ဆွတ်ခူးရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

FIFA သည် ၂၀၂၂ ခုနှစ်အတွက် ချီးမြှင့်မည့် The Best အကောင်းဆုံးဆုများ၏ ဆန်ခါတင်စာရင်းကို ကြာသပတေးနေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပြီး အမျိုးသားကစားသမားနှင့် အမျိုးသမီးကစားသမားဆုအတွက် ၁၄ ဦးစီ၊ အမျိုးသားနည်းပြဆုအတွက် ငါးဦး၊ အမျိုး သမီးနည်းပြဆုအတွက် ခြောက်ဦး၊ အမျိုးသား ဂိုးသမားဆုအတွက် ငါးဦး၊ အမျိုးသမီးဂိုးသမား ဆုအတွက် ခြောက်ဦး၊ ပွတ်ရှ်ကပ်စ် (အကောင်းဆုံးသွင်းဂိုးဆု) အတွက် ၁၁ ဦး၊ ပရိသတ်ဆု အတွက် သုံးခုပါဝင်ကြောင်း သိရသည်။
ပရိ သတ်များအနေဖြင့် ဖေဖော်ဝါရီ ၃ ရက်အထိ ဝင်ရောက်မဲပေးနိုင်ပြီး အမျိုးအစားတစ်ခုချင်းအလိုက် အပြီးသတ်သုံးဦးစာရင်းကို ဖေဖော်ဝါရီလဆန်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ အကောင်းဆုံးဆုရရှိသူများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဆုပေးပွဲအခမ်းအနားကျင်းပ၍ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

မန်ယူအသင်းနှင့်လမ်းခွဲ၍ ဆော်ဒီ ကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့သွားသည့် နာမည်ကျော် ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာမူ The Best အမည်ဖြင့် စတင်ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆန်ခါတင်စာရင်းမှာပင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အမျိုးသားကစားသမားဆုအတွက် မက်ဆီကရေပန်းအစားဆုံးဖြစ်နေသလို အမျိုးသမီးကစားသမားဆုအတွက် ယူရို-၂၀၂၂ ချန်ပီယံ အင်္ဂလန်အသင်း တိုက်စစ်မှူး ဘက်မိဒ် (အာဆင်နယ်) က ရေပန်းအစားဆုံးဖြစ်နေသည်။






