အဲဗာတန်အသင်းသည် ရမှတ် ၁၀ မှတ် လျှော့ပြစ်ဒဏ်အတွက် ဒီဇင်ဘာ ၁ ရက်တွင် အယူခံဝင်ခဲ့ကြောင်း သိရသည်။
အဲဗာတန်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရပြီး ယင်းပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမြတ်ငွေရရှိမှုနှင့် ရေရှည်ရပ်တည်နိုင်မှုစည်းမျဉ်းအရ ကလပ်အသင်းများအား သုံးရာသီအတွင်း အမြင့်ဆုံး ပေါင် ၁၀၅ သန်းအထိသာ အရှုံးပေါ်ခွင့်ပြုထားသော်လည်း အဲဗာတန်အသင်း အနေဖြင့် ၂၀၂၁-၂၀၂၂ ရာသီတွင် ပေါင် ၁၂၄ ဒသမ ၅ သန်းအထိ အရှုံးပေါ်ခဲ့သောကြောင့် နိုဝင်ဘာ ၁၇ ရက်တွင် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အဲဗာတန်အသင်း၏ အယူခံကို လွတ်လပ်သောကော်မရှင်က ပြန်လည်သုံးသပ်ပြီးနောက် ယခုရာသီမပြီးဆုံးခင် ကြားနာစစ်ဆေး၍ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။
“အဲဗာတန်အသင်းအနေနဲ့ ပရီးမီးယားလိဂ် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌထံ ယနေ့လျှောက်ထားလိုက်ပြီဖြစ်ပါတယ်။ အသင်း အပေါ် ၁၀ မှတ်လျှော့ချဖို့ ပရီးမီးယားလိဂ် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့တာပါ” ဟု အဲဗာတန်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဲဗာတန်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စည်းမျဉ်းသစ်အရ ရမှတ်လျှော့ပြစ်ဒဏ် ထပ်တိုးကျခံရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
စည်းမျဉ်းသစ်အရ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကို အမြန်ဆုံးခြေရာခံ၍ ရာသီမကုန်မီ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။






