Monday, February 9, 2026
spot_img
spot_img

၀က်စ်ဟမ်းနှင့်ပွဲ၌ အနိုင်ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် မန်ယူအသင်းအတွက် ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သော (၂၂)ဦးမြောက်ကစားသမားဖြစ်လာခဲ့

မန်ယူအသင်း၏ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်သည် ဝက်စ်ဟမ်းနှင့်ပွဲတွင် အသင်းအတွက် ဂိုး (၁၀၀) ပြည့်သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းအတွက် ဂိုး(၁၀၀)နှင့်အထက် သွင်းယူနိုင်သည့် (၂၂)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းသို့ အသက်(၇)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့သည့် ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် စတင်ကစားခွင့်ရသည့်အချိန်မှ (၈)ရာသီအကြာတွင် ပြိုင်ပွဲစုံ ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နွေရာသီက အသင်းနှင့် လမ်းခွဲသတင်းထွက်ပေါ်ခဲ့သော်လည်း ဆက်ရှိနေခဲ့ခြင်းဖြစ်ပြီး တန်ဟက်ဂ်၏ လက်အောက်၌ ပြန်လည်ခြေစွမ်းပြလျက်ရှိသည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီ၌ ပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၇)ဂိုးသွင်းယူထားပြီး ဝက်စ်ဟမ်းနှင့်ပွဲမှ သွင်းဂိုးမှာ ဂိုး (၁၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း အတွက် ပရီးမီးယားလိဂ်တွင် (၆၃)ဂိုး၊ FA ဖလားတွင် (၇)ဂိုး၊ လိဂ်ဖလားတွင် (၈)ဂိုးနှင့် ချန်ပီယံလိဂ်တွင် (၁၂) ဂိုး၊ ယူရိုပါလိဂ်တွင် (၁၀)ဂိုး သွင်းယူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသင်းအတွက် ဂိုးအများဆုံးသွင်းယူခဲ့သည့် ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီနောက်ပိုင်းဂိုး (၁၀၀)ပြည့်သွင်းယူနိုင်သည့် ပထမဆုံးမန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ရွန်နီသည် ၂၀၀၉ ခုနှစ်တွင် မန်ယူအသင်းအတွက် ဂိုး(၁၀၀)ပြည့်သွင်းယူခဲ့ ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်သူမှာ ရပ်ရှ်ဖို့ဒ် တစ်ဦးသာ ရှိခဲ့ခြင်းဖြစ်သည်။

ရပ်ရှ်ဖို့ဒ်သည် အောက်တိုဘာ(၃၁) တွင် အသက်(၂၅)နှစ်ပြည့်သောကြောင့် ဂိုး(၁၀၀)ပြည့်ကို မွေးနေ့မတိုင်မီ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းနည်းပြတန်ဟက်ဂ်သည် ဝက်စ်ဟမ်းနှင့်ပွဲမတိုင်မီမှာပင် ရပ်ရှ်ဖို့ဒ်၏ လက်ရှိခြေစွမ်းအနေအထားကြောင့် ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ပြီး ရပ်ရှ်ဖို့ဒ်၏ ခြေစွမ်းကို အားရကျေနပ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments