အာဆင်နယ်အသင်းသည် ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံဂိုး(၁၀၀)အထက် သွင်းယူနိုင်သည့် ပဉ္စမမြောက်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ဝုလ်ဗ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းမတိုင်မီ ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံဂိုး(၁၀၀)အထက် သွင်းယူနိုင်ခဲ့သည့်အသင်းများမှာ မန်စီးတီး(၁၄၀ ဂိုး)၊ ရီးယဲလ်မက်ဒရစ်(၁၁၉ ဂိုး)၊ ဘိုင်ယန်မြူးနစ်(၁၁၁ ဂိုး)နှင့် လေဗာကူဆင် (၁၁၁ ဂိုး)တို့ဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ၂၀၂၃ ခုနှစ်၏ ပထမဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် (ဝ-၀)ရလဒ် ထွက်ပေါ်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့သော်လည်း တစ်နှစ်မပြည့်မီမှာပင် ဂိုး(၁၀၀)ပြည့်မှတ်တမ်းကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ၂၀၂၃ ခုနှစ် အတွင်း၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၇၉)ဂိုး၊ ချန်ပီယံလိဂ်၌ (၁၅)ဂိုး၊ FA ဖလား၌ (၃)ဂိုး၊ ယူရိုပါလိဂ်၌ (၂)ဂိုး၊ လိဂ်ဖလား၌ (၂)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စုစုပေါင်း(၁၀၁)ဂိုး သွင်းယူထားပြီဖြစ်သည်။

အာဆင်နယ်အသင်းအတွက် ၂၀၂၃ ခုနှစ်အတွင်း ရာပြည့်သွင်းဂိုးကို အဓိကတိုက်စစ်ကစားသမား ဆာကာက ဝုလ်ဗ်နှင့်ပွဲတွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဆာကာသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်း၏ ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံးကစားသမားအဖြစ် (၁၅)ဂိုးသွင်းယူကာ မာတင်နယ်လီ၊ အော်ဒီဂွါတို့နှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း (၈)ဂိုးသွင်းယူပြီး ပြိုင်ပွဲစုံသွင်း ဂိုးအများဆုံးကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ အာဆင်နယ်အသင်းသည် လက်ရှိတိုက်စစ်ကစားသမားများထက် အဆုံးသတ်စွမ်းရည် ပိုမိုကောင်းမွန်သည့် ထိပ်တန်းအဆင့်တိုက်စစ်မှူး ခေါ်ယူအားဖြည့်ရန် လိုအပ်နေသည်ဟု ထောက်ပြမှုများရှိနေချိန်မှာပင် တစ်နှစ်အတွင်း ဂိုး(၁၀၀)အထက် သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ကာလတွင် ပေါင်သန်း(၂၀၀)ဝန်းကျင်အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူအားဖြည့်မှု ပြုလုပ်ခဲ့သော်လည်း တိုက်စစ်မှူး ပါဝင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် တိုက်စစ်မှူးသစ်ခေါ်ယူ အားဖြည့်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ အာဆင်နယ်အသင်း ပစ်မှတ်ထားနေသည့် တိုက်စစ်မှူးများထဲတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေး၊ ဂျူဗင်တပ်စ်တိုက်စစ် မှူး ဗလာဟိုဗစ်နှင့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့ ပါ ဝင်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း ဂိုး(၁၀၀)အထက် သွင်းယူထားသည့် ကလပ်အသင်း(၅)သင်းထဲ၌ နွေရာသီတွင် တိုက်စစ်မှူးသစ် အားဖြည့်ခဲ့သည့်အသင်းမှာ ဘိုင်ယန်မြူးနစ်နှင့် လေဗာကူဆင်အသင်းသာရှိပြီး ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနှင့် လေဗာကူဆင်အသင်းက နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး အသင်းသစ်များအတွက် ခြေစွမ်းပြနိုင်ခဲ့ကြပြီး ဟာရီကိန်းက လက်ရှိရာသီတွင် ပြိုင်ပွဲစုံ (၂၂)ဂိုးသွင်းယူကာ ဘိုင်ယန်မြူးနစ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို၊ ဘိုနီဖေ့စ်ကလည်း ပြိုင်ပွဲစုံ(၁၃) ဂိုးသွင်းယူကာ လေဗာကူဆင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။ ရီးယဲလ်အသင်းသည် ဘန်ဇီမာကို ဆုံးရှုံးခဲ့ရသော်လည်း ဘယ်လင်ဟမ်က အသင်းအတွက် ခြေစွမ်းပြဂိုးများ သွင်းယူပေးနေခြင်းဖြစ်သည်။






