နော်ဝေလက်ရွေးစင်အသင်း၏နည်းပြ ဆိုလ်ဘက်ကန်က အော်ဒီဂွါကို ရီးယဲလ်အသင်း ရောင်းထုတ်ခဲ့သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ပြောကြားခဲ့သည်။
အော်ဒီဂွါသည် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေခြင်းကြောင့် ရီးယဲလ်အသင်း၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ဝေဖန်မှုများရှိနေသည့်အတွက် ဆိုလ်ဘက်ကန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆိုလ်ဘက်ကန်က “ဒီအရောင်းအဝယ်က အားလုံးအတွက် ကောင်းမွန်ခဲ့ပါတယ်။ အော်ဒီဂွါက ရီးယဲလ်အသင်းမှာ ဆက်ရှိခဲ့ရင်လည်း အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူပါပဲ”ဟု ပြောကြားခဲ့သည်။
အော်ဒီဂွါသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းထံသို့ ပေါင် (၃၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယခုရာသီအစတွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

၎င်းသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၁၀) ဂိုး သွင်းယူထားသည်။






