Saturday, February 7, 2026
spot_img
spot_img

အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပါဝင်သည့် ONE ON TNT IV တွင် ထည့်သွင်းကျင်းပမည့်တွဲဆိုင်းများ ထုတ်ပြန်ကြေညာ

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ စီစဉ်ကျင်းပနေသည့် ONE Championship (ONEFC) အဖွဲ့အစည်းသည် ဧပြီ (၂၈)ရက် (မြန်မာစံတော်ချိန် ဧပြီ ၂၉ ရက်)တွင် ပြုလုပ်မည့် ONE ON TNT IV အမည်ရပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရန်စီစဉ်ထားသော တွဲဆိုင်းများအား ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း သိရသည်။

ONE Championship သည် ယင်းပြိုင်ပွဲတွင် တွဲ ဆိုင်း (၆)ဆိုင်း ပါဝင်မည်ဖြစ်ပြီး မွေထိုင်းပွဲစဉ် (၁)ပွဲ ပါဝင်လာမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲဖြစ်သည့် အောင်လအန်ဆန် (မြန်မာ)နှင့် ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး Co-Main Event (၁)ပွဲနှင့် အခြားစိန်ခေါ် ပွဲ (၄)ပွဲ ပါဝင်မည်ဖြစ်သည်။

ONE Championship သည် ယခုလအတွင်းပြုလုပ်နေသည့် ပြိုင်ပွဲများကို အမေရိကန်ပရိသတ်များအတွက် ရည်ရွယ်ကျင်းပနေသောကြောင့် အရှေ့တောင်အာရှဒေသတွင်းမှ ပရိသတ်များအနေဖြင့် ပြိုင်ပွဲကျင်းပမည့်ရက်၏ နောက်တစ်နေ့ နံနက်အစောပိုင်းမှသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ယခုပြိုင်ပွဲကိုလည်း အမေရိကန်နိုင်ငံ၌ ဧပြီ (၂၈)ရက် ညပိုင်းတွင် ကြည့်ရှုနိုင်ရန် ကျင်းပသဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ပရိသတ်များအနေဖြင့် ဧပြီ (၂၉) ရက် နံနက်အစောပိုင်းမှသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ONE TNT IV အမည်ရပြိုင်ပွဲကို မြန်မာစံတော်ချိန် နံနက် (၇) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်ပွဲကို နောက်ဆုံးပွဲအဖြစ် ကျင်းပမည်ဖြစ်သောကြောင့် နံနက် (၉)နာရီနောက်ပိုင်းမှသာ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် အောင်လအန်ဆန် (မြန်မာ)နှင့် ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား)၊ Co-Main Event အဖြစ် အဒီးအယ်လ်ဗာရက် (အမေရိကန်)နှင့် မာရတ်ဂါဖူရော့ဗ် (သို့မဟုတ်) အော့ရေးယွန်း၊ အခြားစိန်ခေါ်ပွဲများအဖြစ် အူမာကာနီ (ဆီနီဂေါ)နှင့် ဂျီရီချင်ကို (ဘီလာရုစ်)၊ ဖိုလာရန် (ဖိလစ်ပိုင်)နှင့် ရှင်ရာအေအိုကီ (ဂျပန်)၊ အမျိုးသမီးတွဲဆိုင်းများအဖြစ် ဂျက်ကီဘူတန် (အမေရိကန်)နှင့် ဗန်ဒါယီဗာ (ဘီလာရုစ်)၊ နော့သ်ကတ် (အမေရိကန်)နှင့် မာတင် (နယူးဇီလန်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ယခင်က ONE ၏ ၀ိတ် တန်း(၂)ခုချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုအား လက်လွှတ်ခဲ့ရသဖြင့် ကျန်ရှိသည့်လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုအား ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

ONE Championship သည် ယခင်က အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ပွဲကို မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ်သာ ကျင်းပရန်စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် ၂၀၁၇ ခုနှစ်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် (၂)ကြိမ်တွေ့ဆုံဖူးပြီး (၁)ကြိမ်စီ အနိုင်ရထားသည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန် ပီယံဆုကို ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ရယူနိုင်ခဲ့သော်လည်း ပထမဆုံးချန်ပီယံကာကွယ်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ထိုးသတ်ခဲ့ရကာ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို ဒုတိယအချီတွင် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ဘစ်ဒက်ရှ်မှာမူ ဒဏ်ရာပြဿနာကြောင့် MMA ပွဲစဉ်များနှင့် နှစ်အနည်းငယ်ကြာဝေးကွာနေပြီး ယခုပွဲမှသာ ပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။

၎င်းသည် ယခင်က မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်ခဲ့သော်လည်း ကိုယ်အလေးချိန်မြှင့်တင်ကာ လိုက်ဟဲဗီးဝိတ်တန်းတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်တွင် ပထမဆုံးပွဲထိုးသတ်ခြင်းလည်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments