ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကမိမိအနေဖြင့် အေစီမီလန်အသင်း၌ ခြေစွမ်းပြ ဂိုးများသွင်းယူနေသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပြင်သစ်လက်ရွေးစင် အသင်းလူစာရင်းတွင် ပါဝင်ရန် အာမခံချက်မရှိသေးကြောင်း ပြောကြားခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဂျရူးသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ချယ်လ်ဆီးအသင်းမှ အေစီမီလန်အသင်း ထံသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် အီတလီမြေသို့ ရောက်ကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် အေစီမီလန်အသင်းကို ဆယ်စုနှစ်တစ်ခု ကျော်ကြာဝေးကွာနေသည့် စီးရီးအေချန်ပီယံဆုကို ရရှိအောင် ကူညီပေးနိုင်ခဲ့သည်။ ထို့ပြင် ဂျရူးသည် ယခုရာသီတွင်လည်း အေစီမီလန်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆာလ်ဇ်ဘာ့ဂ်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင်လည်း နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

သို့သော် အေစီမီလန် ၀ါရင့်တိုက်စစ်မှူး ဂျရူးက နိုဝင်ဘာ ၂၀ ရက်တွင် ကာတာနိုင်ငံ၌ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် ပြင်သစ်လူစာရင်းတွင် ပါဝင်ရန် မသေချာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်မယ်လို့ အာမခံချက် မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်တော့်အနေနဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဒါက အသင်းအတွက် ကောင်းသလို ကျွန်တော့်အတွက်လည်း ယုံကြည်မှုတိုးလာစေပါတယ်။ ကမ္ဘာ့ဖလားမှာ ပွဲတိုင်းက အရေးကြီးပြီး အဲဒီ ပြိုင်ပွဲမှာ ကစားခွင့်ရရင် အရမ်းကောင်းမှာပါ။ ဒါပေမဲ့ အသင်းလူစာရင်းမှာ ပါ၊ မပါကိုတော့ အသင်းဖော်တွေအားလုံးလိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်မဟုတ်တော့ ဘယ်လိုဖြစ်လာမ လဲမသိနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမား ၂၆ ဦးစာရင်းကို နိုဝင်ဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ပြင်သစ်အသင်း၏တိုက်စစ်တွင် ဘန်ဇီမာ၊ ဘာပေ၊ ဂရီးဇ်မန်း၊ အန်ကွန်ကူ၊ ဒမ်ဘီလီ၊ မားကပ်စ်သူရမ်၊ ဂျရူး တို့ရှိနေရာ ၎င်းတို့ထဲမှ အချို့မှာ အသင်းလူ စာရင်းမှ ချန်လှပ်ခံရဖွယ်ရှိနေသည်။
ဂျရူး သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ပြင်သစ်တိုက်စစ်ကို ဘာပေ၊ ဘန်ဇီမာနှင့် ဂရီးဇ်မန်းတို့က ဦးဆောင်ကစားလျက်ရှိနေသည်။






