ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေ အနေနဲ့ ဒေးဗစ်ဒဟယ်ယာ နေရာမှာ အစား၀င်လာဖို့ ရှိနေတဲ့ ဂိုးသမား အန်ဒရီ အိုနာနာ ဆီက အမှားကျူးလွန်မှု တစ်ချို့ကို မြင်တွေ့ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ စပိန် ဂိုးသမားဟာ မနေ့က မန်ယူနိုက်တက် ကနေ ထွက်ခွာလာခဲ့ပြီ ဖြစ်ကြောင်း ကြေငြာလိုက်ကာ ယူနိုက်တက်နဲ့ ကာလရှည် ပက်သက်မှုကို အဆုံးသတ်သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မန်ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ရန် နီးစပ်လျက် ရှိနေပြီး အိုင်ယက်မှာတုန်းက အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ အိုနာနာဟာ ဘောလုံး ပေးပို့မှု တအားကို ကောင်းတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး နောက်တန်းကနေ ကစားကွက် စတင်ချင်တဲ့ တန်းဟတ်ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်က ဒီလို ဂိုးသမားတွေ အနေနဲ့ အမှားတွေ ရှိလာမယ်ဆိုတာ သေချာပေါက် ဖြစ်ပေမယ့် အိုနာနာဟာ ယူနိုက်တက်ရဲ့ ကစားဟန်ကို လုံး၀ အပြောင်းအလဲ ဖြစ်သွားစေလိမ့်မယ်လို့ ထောက်ခံသွားပါတယ်။
ဖာဒီနန်က “သူဟာ ယူနိုက်တက်ကို ပိုမို ယုံကြည်မှု ရှိစေမယ့်အပြင် နောက်တန်း ကနေ ကစားကွက်ကို ကောင်းကောင်း စတင်စေနိုင်မှာ ဖြစ်ပါတယ်။ ကျနော် ကတော့ သူဟာ အဲရစ်တန်းဟတ်ရဲ့ ဗျူဟာနဲ့ ကိုက်ညီမယ့်သူလို့ ထင်ပါတယ်။ သူဟာ တကယ့် မော်ဒန်ခေတ် ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။ ပြိုင်ဘက် အသင်းတွေဟာ သူ့ဆီကို ဘောလုံး ရောက်တဲ့အခါ pressing တွေ လုပ်ကြပေမယ့်လည်း သူကတော့ ပျာယာခတ်သွားတာမျိုး မရှိပါဘူး။

သူဟာ ဘောလုံး လက်ခံရယူချိန်မှာ ပြိုင်ဘက်အသင်းကို pressing လုပ်ဖို့ ဖိတ်ခေါ်ပြီး ကစားသမားတွေ သူ့ဆီကို လာတဲ့အခါမှာ လွတ်နေတဲ့ ဘယ်ကစားသမားကို ဘောလုံးပေးရမလဲ ဆိုတာ သူကောင်းကောင်း သိပါတယ်။ သူဟာ ပုံမှန်အားဖြင့် အသင်းဖော် ရှာဖွေနိုင်လေ့ ရှိပါတယ်။
အမှားတွေလည်း ရှိလာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီလို စွန့်စားတဲ့ ကစားဟန်ကြောင့် အမှားတွေ လုပ်မိမှာပါ။ ဒါဟာ ဖြစ်တက်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေဖို့နဲ့ မှန်ကန်တဲ့ balance ကို ရှာဖွေကာ ဒီလို ကာလတွေမှာ တည်ငြိမ်နေဖို့ပဲ လိုပါတယ်။ ကျနော်ကတော့ ဒီအပြောင်းအရွေ့ဟာ ဒီနွေရာသီ အပြောင်းအရွေ့ရဲ့ တချိန်ချိန်မှာ ဖြစ်လာမယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။