ပီအက်စ်ဂျီအသင်းသည် နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်ဟမ်ကို ပေါင်သန်း ၁၅၀ ပေး၍ ခေါ်ယူရန်ပြင်ဆင်နေသည်။
အသက် ၂၄ နှစ်အရွယ်ရှိ အိုဆင်ဟမ်သည် နာပိုလီအသင်းတွင် ၎င်းအတွက် တတိယမြောက် ဘောလုံးရာသီကို ကစားနေခြင်းဖြစ်သည်။ နာပိုလီသည် ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ပေး၍ အိုဆင်ဟမ်ကို လီလာမှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အိုဆင်ဟမ်သည် လက်ရှိဘောလုံးရာသီတွင် စီးရီးအေ ၂၄ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူထားသလို ချန်ပီယံလိဂ် ၆ ပွဲတွင်လည်း ၅ ဂိုးသွင်းယူထားသည်။ နိုက်ဂျီးရီးယားလက်ရွေးစင် အိုဆင်ဟမ်သည် လက်ရှိဘောလုံးရာသီတွင် ခြေစွမ်းပြနေပြီးရပ်တန့်၍မရနိုင်သော တိုက်စစ်မှူးတစ်ဦးအဖြစ် နာမည်ကြီး နေသည်။

ချဲလ်ဆီးအသင်းကလည်း အိုဆင်ဟမ်ကို စိတ်ဝင်စားနေပြီး ယူရို ၁၁၂ သန်းပေး၍ ခေါ်ယူလိုနေသည်။ ထို့ကြောင့် ပီအက်စ်ဂျီအသင်းက ယူရိုသန်း ၁၅၀ ပေး၍ အိုဆင်ဟမ်ကို လက်ဦးမှုယူကာ ခေါ်ယူရန် ကြိုးစားလာခြင်းဖြစ်သည်။ အိုဆင်ဟမ်သည် နာပိုလီနှင့် နောက်ထပ် နှစ်ရာသီ စာချုပ်သက်တမ်း ကျန်ရှိနေသည်။






