မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ ကြားရက်တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ သရေ ရလဒ် ထွက်ပေါ်အောင် ဒုက္ခပေးခဲ့တဲ့ လိဒ်စ် ယူနိုက်တက် အသင််းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 2 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ လိဒ်စ် ယူနိုက်တက် အသင်းဟာ ခါးသီးပြိုင််ဖက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ ကြီးမားတဲ့ အခွင့်အရေးတွေ ဖန်တီးမှု အပိုင်းမှာတော့ ပိုသာခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီဂီယာရဲ့ လက်စွမ်းပြမှုကို မကျော်လွှားနိုင်ခဲ့ကြပါဘူး ။

ယူနိုက်တက်ဖက်ကတော့ ပထမပိုင်းအတွင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့တာကလွဲရင် ပြိုက်ဖက်ကို ဒုက္ခပေးနိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ် ။ ဒုတိယပိုင်း ပွဲပြီးခါနီးမှ ယူနိုက်တက်တို့ နှစ်ဂိုးဆက် သွင်းယူနိုင်ခဲ့တဲ့ ပွဲစဥ်မှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)
ပထမပိုင်း အစပိုင်း မိနစ်နဲ့ နောက်ဆုံး မိနစ်တွေမှာ တကယ့်ကို ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ် ။ သူမကောင်းခဲ့ရင် ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရမှာပါပဲ ။
ဒါးလော့ (5)
ပထမပိုင်းအတွင်း ခံစစ် ကစားပုံ အားရကျေနပ်စရာ မဖြစ်ခဲ့ရပါဘူး ။ သူ့ရဲ့ ကန်ချက် ဂိုးဘားထိခဲ့တာကတော့ ရင်ခုန်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒီလောက်ပဲ စွမ်းနိုင်ခဲ့ပါတယ် ။
မက်ဂွားယား (5)
အမှားကြီး ကျူးလွန်မိခဲ့ပြီး ပြန်လည် အဖက်ဆယ်နိုင်ခဲ့ပါတယ် ။ အခုလို ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိတဲ့အချိန်မှာ အမှားကျူးလွန်ခဲ့တာက စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီ ဝေဖန််မှုတွေ ခံခဲ့ရပြန်ပါတယ် ။ အမြင့်ဘောတွေ ဦးနိုင်ခဲ့ပါတယ် ။
ရှော (7)
ဗဟို ခံစစ် နေရာမှာ ကစားချိန် ပွဲစဥ်ကို အကောင်းဆုံး ဖတ်ရှုနိုင်ခဲ့သလို အထင်ကြီးဖွယ် ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ် ။ အစွန်လူ နေရာကို ရောက်ချိန်မှာလည်း ရပ်ရှ်ဖို့ နဲ့ အတွဲမိခဲ့ပါတယ် ။
မာလာစီယာ (6)
ရှောရဲ့ နေရာမှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ချိတ်ဆက် ကစားပုံ ၊ လုယူတာတွေ ကောင်းခဲ့ပေမဲ့ တိုက်စစ် နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် မကစားနိုင်ခဲ့ပါဘူး ။ ဘာကာနဲ့ ပွဲမှာ ကစားခွင့် ရနိုင်ခြေ နည်းပါးခဲ့ပါပြီ ။
ဆာဗစ်ဇာ (5)
ဘောလုံး ပေးပို့မှုတွေ အားရကျေနပ်စရာ မကောင်းခဲ့သလို နေရာယူ ကစားပုံတွေလည်း မကောင်းခဲ့ပါဘူး ။ ကာစီမီရို ပြန်လာရင် ပွဲထွက်ခွင့် အကန့်အသတ် ဖြစ်ဖို့ များနေပါပြီ ။
ဖရက်ဒ် (5)
အတော်လေး ကြိုးစား ကစားပေးခဲ့ပြီး ဘောလုံး လုယူတာ ၊ ဖြတ်တောက်တာတွေလည်း လုပ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ အနားမှာ ကာစီမီရို မရှိရင် ခြေစွမ်းမပြနိုင်တာက ပွဲကြည့်လေ ထင်ရှားလေ ဖြစ်ခဲ့ရပါပြီ ။
ဆန်ချို (6)
113 ရက် အကြာမှ ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ဆန်ချိုဟာ ဘရူနို အတွက် ပထမဆုံး အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပုံစံကောင်း ပြနိုင်ဖို့ အခက်တွေ့ခဲ့ရပြီး လူစားလဲခံခဲ့ရပါတယ် ။
ဘရူနို (5)
ပထမဆုံး အခွင့်အရေး ရချိန်မှာ ကန်ချက် ဘေးထွက်ခဲ့ရပါတယ် ။ ဒါ့အပြင် မက်စ်လီယာ နဲ့ by one တွေ့ချိန်မှာလည်း သက်သောင့်သက်သာ မကစားပြနိုင်ခဲ့ပြန်ပါဘူး ။ အကျိုးသက်ရောက်မှု နည်းပါးခဲ့ပါတယ် ။
ရပ်ရှ်ဖို့ (7)
အိုင်းလင်းကို ကျော်ဖြတ်နိုင်ဖို့ အခက်တွေ့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ဆန်ချို နဲ့ နေရာလဲပြီး ကစားခဲ့ရပါသေးတယ် ။ နောက်ဆုံးတော့ ယူနိုက်တက် ဟီးရိုးဟာ လိုအပ််နေတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။
ဝဂ်ဟော့စ် (5)
တိုက်စစ်ပိုင်းမှာ ပျောက်ဆုံးနေခဲ့ရပါတယ် ။ ပြိုင်ဖက် ခံစစ်ကို ဒုက္ခမပေးနိုင်ခဲ့သလို ဂိုးသမားကိုလည်း ဖိအား မပေးနိုင်ခဲ့ပါဘူး ။ ဒုတိယဂိုး ကိုတော့ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။
လူစားဝင် ကစားသမားများ…
မာတီနက်ဇ် (7)
ဂါနာချို (7)
ဘစ်ဆာကာ (6)
အီလန်ဂါ (NA)






