ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတဲ့ စပါးအသင်း သွင်းဂိုးတွေနဲ့အတူ ပြန်လာနိုင်ပြီး နှစ်သစ်ရဲ့ ပထမ ဆုံးအမှတ်ပေးနိုင်ပွဲ ရယူနိုင်ခဲ့တယ်။
ဒါပေမဲ့ စပါးအသင်းကစားပုံက ဖျော်ဖြေမှုမပေးနိုင်တဲ့အပြင် စိတ်ပျက်စရာကောင်းတဲ့ဘက်ကို ဦးတည်နေတယ်။
ဟာရီကိန်းက ကာလရှည်အနားယူရမယ့်အချိန် လက်ရှိ ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာ၊ အယ်လီ၊ လာမယ်လာတို့တိုက်စစ်နဲ့ ဆက်သွားမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်လာချိန်မှာ စပါး အသင်းအနေအထားက တွေးတောင်မတွေးရဲစရာပါ။

အယ်လ်ဒါဝီရယ်လ် ဂိုးဧရိယာထဲမှာ နောဝစ်ချ် ကစားသမားရဲ့ကန်ချက်ကို တားဆီးရာမှာ လက်နဲ့ ထိတဲ့အနေအထားဖြစ်ပေမယ့် ဒိုင်လူကြီးက VAR မကြည့်လို့ ကံကောင်းခဲ့ရတယ်။
နောဝစ်ချ်ကိုပေးခဲ့ရတဲ့ ပယ်နယ်တီကတော့ အာရွန်စ်ကို ဆီဆက်နွန်က နောက်ကတားဆီးသလိုဖြစ်ခဲ့ပြီး (၇၀)မိနစ်မှာ ပွတ်ကီက သွင်းယူခဲ့ပါတယ်။
စပါးရဲ့ဂိုးတွေကို (၃၈)မိနစ်မှာ အယ်လီက အော်ရီယေးပေးတာကနေ ပိတ်သွင်းခဲ့ပြီး (၇၉)မိနစ်မှာ အယ်လီ ကန်ချက် Deflected ဖြစ်ပြီး ဂိုးရှေ့ကျလာတာကို ဆွန်ဟောင်မင်က ပြေးဝင်ခေါင်းတိုက်ခဲ့ပါတယ်။
နောက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်စတာနဲ့ ဝက်စ်ဟမ်းပွဲမှာတော့ လက်စတာအသင်းက အိမ်ကွင်းမှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လက်စတာအတွက်ဂိုးတွေကို ဟာဗေးဘန်းစ် (၂၄’)၊ ပယ်ရဲရား (၄၅’)၊ အယိုဇေပီရက်ဇ် (၈၁’ P၊ ၈၈’)တို့က သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ နိုဘယ်လ် (၅၀’P)က သွင်းယူခဲ့တာပါ။






