နာမည်ကျော် ဘောလုံးသုံးသပ်သူ ဂယ်ရီနဗီးလ်က အာဆင်နယ်နည်းပြ အာတီတာအနေဖြင့် စမ်းသပ်မှုများကို ရပ်တန့်ပြီး ပုံမှန်အတိုင်းသာ ယှဉ်ပြိုင်ကစားသင့်သည်ဟု သတိပေးပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲတွင် (၂)ပွဲနိုင်၊ (၁)ပွဲ သရေရလဒ် ရရှိထားသည်။
ထို့ကြောင့် တာထွက်ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ဖူလ်ဟမ်နှင့်ပွဲတွင် တစ်ယောက်လျော့အသင်းအား ချေပဂိုးပြန်ပေးခဲ့ရပြီး အမှတ်လျော့ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများရှိခဲ့သည်။

နည်းပြ အာတီတာအနေဖြင့် ယင်းပွဲတွင် မလိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဝေဖန်ခံခဲ့ရသည်။
ယခုအခါ ဂယ်ရီနဗီးလ်ကလည်း အာတီတာအနေဖြင့် စမ်းသပ်မှုများကို ရပ်တန့်သင့်ပြီဟု သတိပေးခဲ့ခြင်းဖြစ်သည်။
၎င်းက ”အာဆင်နယ်အသင်းက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ လက်ရှိအချိိန်မှာ အာဆင်နယ်အသင်းကို ကြည့်လိုက်တော့ စမ်းသပ်ခန်းထဲက အရာတစ်ခုလိုဖြစ်နေပါတယ်။ နောက်ခံလူတွေက ကွင်းလယ်မှာ ကစားရနိုင်တယ်လို့ တွေးနေပြီး ကွင်းလယ်လူတွေက နောက်ခံလူအဖြစ် ကစားရနိုင်တယ်လို့ တွေးနေကြပါတယ်။ ပါတေးက ပွဲတစ်ပွဲမှာ တစ်ဝက်စီ ကစားနေရပါတယ်။ အာတီတာအနေနဲ့ နောက်တစ်ပတ်မှာ စမ်းသပ်မှုတွေကို ရပ်တန့်ပြီး နောက်ခံလူ(၄)ဦးနဲ့ ပုံမှန်အတိုင်းပြန်ကစားဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။







