ဂန်းနား တိုက်စစ်မှူးဟောင်း အီယန်ရိုက် က အာဆင်နယ် အသင်း လေးပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှု မှာ နောက်ခံလူ ဟိုးလ်ဒင်း ကို အဓိက ပြစ်တင် ဝေဖန်နေကြတာမျိုးဟာ မဖြစ်သင့်ကြောင်း ဆိုလိုက်ပီး အာဆင်နယ် အသင်းကိုယ်တိုင် နှင့် တချို့ အဓိက ကစားသမားတွေ ခြေစွမ်းပိုင်း ကျဆင်းလာတာကိုလည်း မမေ့ထား သင့်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီရာသီ မှာ မန်စီးတီး အသင်းကို ၈ မှတ် အထိ ဖြတ်ထားပီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေရာကနေ နောက်ဆုံး ၄ ပွဲဆက်တိုက် အမှတ်လျှော့ပြီး ကိုယ့်ဆီမှာ ရှိနေတဲ့ ချန်ပီယံ အခွင့်အရေး ကို မန်စီးတီး အသင်းထံ လွှဲပြောင်း ပေးလိုက်ရတာပါ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ လီဗာပူး ၊ ဝက်စ်ဟမ်း ၊ ဆောက်သမ်တန် တို့ကို ဆက်တိုက် သရေကျပြီး မန်စီးတီး ကို ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ထိပ်ဆုံး နေရာကနေ ဖယ်ပေးလိုက်ရတာမှာ ဆလီဘာ နေရာ ဝင်ကစားတဲ့ ဟိုးလ်ဒင်း ရဲ့ အရည်အချင်း မပြည့်မှီမှုကြောင့်လို့ ဝေဖန်မှုတွေ များနေတဲ့ အပေါ် အီယန်ရိုက် က ” ဆလီဘာ ကို လက်လွှတ် ဆုံးရှုံးထားရတာက အာဆင်နယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဆိုတာ မှန်ပါတယ် ၊ တကယ့်ကို အသင်းက ကြီးကြီးမားမား ကျဆင်း သွားခဲ့တာပါ ။ ”

” ဆလီဘာ မကစားနိုင်ချိန် ဝင်ကစားတဲ့ ဟိုးလ်ဒင်း ကတော့ ကံဆိုးတယ်ပဲ ဆိုရမှာပေါ့ဗျာ ၊ ပြီးခဲ့တဲ့ ပွဲတွေမှာ အာဆင်နယ် အသင်း က ကစားသမားတွေ အတော်များများက အမှားတွေ လုပ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ဟိုးလ်ဒင်း က ဆလီဘာ ရဲ့ ကွက်လပ် ကို ဖြည့်ပေးရသူဆိုတော့ သူ့အပေါ် ဝေဖန်မှုတွေက အများကြီး ကျရောက်လာတော့တာပါပဲ ၊ သူ့ကိုပဲ မဲပြီး ပြောနေကြတာကတော့ လုံးဝ မတရားပါဘူး ။ ”

” အာဆင်နယ် နှင့် တချို့ ကစားသမားတွေ ရဲ့ အဆင့်အတန်းက အရင်တုန်းကထက် ကျဆင်း နေခဲ့တာကြောင့်သာ ရလဒ်တွေဆိုးနေတာလို့ ကျနော် ကတော့ ထင်ပါတယ် ၊ ဒါကြောင့်လည်း သူတို့ အမှားတွေ လုပ်မိကြတာပါ ၊ ဒါပေမယ့် အကြောင်းအရင်းအချို့ကြောင့် ဟိုးလ်ဒင်းက အဓိက ဝေဖန်ခံရသူ ဖြစ်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






