မနေ့က ညပိုင်းမှာ အာဆင်နယ် အသင်းဟာ ပထမ ဂိုးသမား နေရာအတွက် ရမ်စ်ဒေးလ် ကို ဖိအားပေးနိုင်ဖို့ရာ ဘရန့်ဖိုဒ့် အသင်းရဲ့ ဂိုးသမား ဒေးဗစ်ရာယာ ကို စိတ်ဝင်စားနေကြောင်း The Athletic UK ရဲ့ သတင်းထောက် ဒေးဗစ်အွန်စတိန်း က ရေးသား ဖော်ပြ လာခဲ့ပါတယ် ။
ဂန်းနားတို့ဘက်က တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးပေမယ့် အာဆင်နယ် အသင်း ရဲ့ စိတ်ဝင်စားမှုကို ဘရန့်ဖိုဒ့် အသင်းကလည်း သိရှိ ထားပြီး ဖြစ်ပါတယ် ။ ဘိုင်ယန်မြူးနစ် အသင်းကလည်း ရာယာကို စိတ်ဝင်စားနေပေမယ့် သူတို့ရဲ့ အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ကမ်းလှမ်းမှုကို အသင်း နှင့် ကစားသမား နှစ်ဦးစလုံး ငြင်းဆန် ပယ်ချ ထားပါတယ် ။

အော်စတိန်း ရဲ့ အဆိုအရ စပိန် လက်ရွေးစင် ဒေးဗစ်ရာယာ ဟာ သူ့ရဲ့ ဆရာဟောင်း ဂိုးနည်းပြ အီနာကီ ရှိရာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ စိတ်အား ထက်သန် နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၂၀ ခုနှစ်တုန်းက ရမ်စ်ဒေးလ် ကို မခေါ်ခင် ရာယာ ကို ခေါ်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ဖူးပြီး ဘရန့်ဖိုဒ့်ဘက် က ငြင်းဆန် ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက် လာခဲ့တာပါ ။
အခု အခါမှာတော့ အာဆင်နယ် အသင်းဟာ ရာယာ ကို ခေါ်ယူဖို့ တစ်ကျော့ပြန် စိတ်ဝင်စား လာခဲ့ပြီ ဖြစ်ပါတယ် ။ ဘရန့်ဖိုဒ့် အသင်း နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ ဒီမနက် အက်စတန်ဗီလာ နဲ့ ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ” သူ့အတွက် ကမ်းလှမ်းမှုတွေ ရောက်လာဖို့ မျှော်လင့်ပါတယ် ၊ သူ့ကို ရောင်းဖို့ စောင့်နေတာပါ ။ ဒေးဗစ် ကလည်း အသင်းက ထွက်ချင်ပါတယ် ၊ သူ့ကို ဝယ်ချင်တဲ့ အသင်းအနေနဲ့ သူ့ရဲ့တန်ကြေး ဘယ်လောက် ရှိသလဲ ဆိုတာ သိဖို့ လိုပါတယ် ။ ”

” သူက သန်း ၄၀ လောက်တန်တဲ့ ကစားသမားပါ ၊ ကျနော်ကတော့ သူ့ဆီ ကနေ အဲ့လောက် ရဖို့ မျှော်မှန်း ထားပါတယ် ၊ သူက မနှစ်က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဂိုးသမား ၄ ဦးထဲက တစ်ဦးပါ ၊ စာချုပ် သက်တမ်း တစ်နှစ်ပဲ ကျန်တဲ့ ကစားသမား တစ်ဦး အတွက် ဒီဈေးက များတယ် ဟုတ်လား ၊ ဒက်ကလန်ရိုက်စ် က အာဆင်နယ် ကို ၁၀၅ သန်း နဲ့ ရောက်သွားတာနော် ၊ တစ်နှစ်ပဲ ကျန်တဲ့ ကိန်းအတွက် စပါးက သန်း ၁၅၀ တောင်းနေတာ ခင်ဗျားတို့ မသိကြဘူးလား ။ ”
” ဘာပဲ ဖြစ်ဖြစ် အပြောင်းအရွှေ့ ကိစ္စက ကျနော်နဲ့တော့ မဆိုင်ပါဘူး ။ ကလပ် နှစ်သင်းကြား ညှိနှိုင်းလုပ်ရတဲ့ အရာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် လက်ခံ နိုင်တဲ့ ပြောင်းရွှေ့ကြေး ဖြစ်ရင် အပြောင်းအရွှေ့ ဖြစ်မြောက် ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






