ဂန်းနား ဂန္တဝင် နောက်ခံလူဟောင်း လော်ရန် က အာဆင်နယ် အသင်း အနေနဲ့ ပရီးမီးယားလိဂ် အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနေး ကို ရောင်းမထုတ်သင့်ကြောင်း ပြောကြား လိုက်ပါတယ် ။
စကော့တလန် လက်ရွေးစင် နောက်ခံလူ တီယာနေး ဟာ ဒီရာသီ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန် နေရပြီး လိဂ်ပြိုင်ပွဲမှာ လေးပွဲသာ ပွဲထွက် ကစားခွင့် ရရှိ ထားပါတယ် ။ နည်းပြ အာတီတာ ဟာ တီယာနေး ထက်စာရင် ဇင်ချန်ကို ကို ပိုမို ပွဲထွက် အသုံးပြု နေတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းမှာ နေရာ မရဖြစ်နေတဲ့ တီယာနေး ကို ခေါ်ယူဖို့ နယူးကာဆယ် အသင်းက အထူး စိတ်ဝင်စား နေပါတယ် ။ လောရန် ကတော့ အာဆင်နယ် အသင်း အနေနဲ့ နောက်ခံလူ တီယာနေး ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားသင့်တယ်လို့ Sporting Post မှာ ပြောကြား သွားခဲ့ပါတယ် ။
” တီယာနေး ကို ဘာကြောင့်ရောင်းထုတ်သင့်သလဲ ကျနော် မသိပါဘူး ။ အာဆင်နယ် အသင်း အနေနဲ့ ပိုက်ဆံလည်း မလိုဘူး ဆိုရင် တီယာနေး ကို ဘာကြောင့် ရောင်းမှာလဲ ၊ သူက တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ ၊ စပိန် အသင်း နဲ့ ကစားခဲ့တဲ့ နိုင်ငံပွဲမှာဆို သူ ကစားတာ အတော် ကောင်းပါတယ် ။ ”

” အာတီတာ ကစားချင်တဲ့ ပုံစံကိုလည်း သူအခု ကောင်းကောင်း နားလည် သဘောပေါက်နေပါပြီ ၊ အာတီတာ က တောင်ပံမှာ ကစားတဲ့ ဘယ်နောက်ခံလူ ထက် အတွင်းဝင် ကစားပြီး ကွင်းလယ်လူ တစ်ဦးလို ကစားနိုင်တဲ့ သူကို ပိုပြီး အလို ရှိတာပါ ၊ ဗဟို နောက်ခံလူတွေ ဆီကနေ ဘောလုံး လက်ခံပြီး ရွှေ့လျား ကစားတဲ့သူမျိုးပေါ့ ။ ”
” အာဆင်နယ် က ကစားသမားတိုင်းကို လိုအပ်ပါတယ် ၊ ဘယ်ကစားသမား က ဘယ်အချိန်မှာ ဘာဖြစ်မလဲ ဆိုတာ ကြိုမသိ နိုင်ပါဘူး ၊ ဒဏ်ရာရတာမျိုးတွေလည်း ရှိနိုင်ပါတယ် ၊ တီယာနေး အနေနဲ့ အာတီတာ လိုချင်တဲ့ ပုံစံကို အာရုံစိုက်ပြီး သေချာ လိုက်ကစားနိုင်ဖို့ လိုအပ်ပါတယ် ။ ”

” လာမယ့်နှစ်မှာ သူ အာဆင်နယ် မှာ ဆက်နေ မနေက သူ့ရဲ့ဆုံးဖြတ်ချက် အပေါ် အဓိက မူတည်ပါတယ် ။ သူ့အနေနဲ့ အပတ်တိုင်း ကစားခွင့် ရချင်တယ်ဆိုရင်လည်း သူ့ဆုံးဖြတ်ချက်ပေါ့ဗျာ ၊ ဒါပေမယ့် အာဆင်နယ် ဘက်က စဉ်းစားကြည့်မယ်ဆိုရင်တော့ လူစာရင်း အင်အားတောင့်တင်းဖို့ လိုတာကြောင့် တီယာနေး ကို ဆက်လက် ထိန်းသိမ်းထား သင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






