အပြောင်းအရွှေ့ ဂုရု ဖာဘရစ်ဇီယို ရိုမာနို က အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးလ်စ် ကို ဘယ်လောက်ဈေး ပေးပေး ရောင်းချ သွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။
ရိုမာနို ဟာ Here We Go Podcast မှာ ပြီးခဲ့တဲ့ နှစ် နွေရာသီ အပြောင်းအရွှေ့ တုန်းက ယူဗင်တပ်စ် အသင်း ဂါဘရီရယ် ကို ခေါ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ပြောကြားရင်း သူ့ရဲ့ ကိုယ်ပိုင် အမြင် နဲ့ သုံးသပ် ပေးသွားခဲ့ပါတယ် ။ ရိုမာနို က ဘရာဇီး လက်ရွေးစင် နောက်ခံလူ ဂါဘရီရယ် ဟာ အာဆင်နယ် အသင်း လုံးဝ အထိမခံတဲ့ ကစားသမားဆိုတာထက်ကို ပိုတာကြောင့် ဘယ်အသင်းကမှ ခေါ်ယူလို့ မရနိုင်ကြောင်း ပြောကြား လိုက်တာပါ ။

” ပြီးခဲ့တဲ့ နှစ် နွေရာသီ တုန်းက အကြောင်း ခင်ဗျားတို့ကို ပြန်ဖောက်သည်ချရရင် ယူဗင်တပ်စ် အသင်းက ဘယ်ခြေ အားသန် ဗဟို နောက်ခံလူ တစ်ဦးကို ခေါ်ချင် နေခဲ့တာပါ ၊ သူတို့ စာရင်း ထဲမှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် ကို ထည့်ထား ခဲ့ပါတယ် ။ ”
” ယူဗင်တပ်စ် အသင်း ဘက်က ဂါဘရီရယ် ကို အမှန်တကယ် အလို ရှိခဲ့ပေမယ့် ခေါ်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုရင် အာဆင်နယ် က ဂါဘရီရယ် ကို ဘယ်သူလာ ကမ်းလှမ်းကမ်းလှမ်း မရောင်းဘူးလို့ ယတိပြတ် စဉ်းစား ဆုံးဖြတ်ထားတာ ကြောင့်ပါ ၊ အခု အချိန်ဆိုရင်တော့ အရင်ကထက်တောင် ပိုပြီး အထိခံမှာ မဟုတ်တော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဂါဘရီရယ် လိုပဲ ဆာကာ ၊မာတင်နယ်လီ နှင့် ရမ်စ်ဒေးလ် ၊ ဆလီဘာ တို့ကိုလည်း အသင်းရဲ့ အဓိက ထောက်တိုင် ကစားသမားတွေ အဖြစ် သတ်မှတ်ထားပြီး ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင် နေပါတယ် ။ မာတင်နယ်လီ ကိုတော့ စာချုပ်သစ် ချုပ်ဆိုပြီး ဖြစ်ပြီး ဆာကာ ရဲ့စာချုပ်သစ် ကိုလည်း မကြာခင် တရားဝင် ကြေညာ သွားဖို့ ရှိပါတယ် ။






