ဘောလုံးဝေဖန်သူအဖြစ်ဆောင် ရွ့က်နေသည့် အာဆင်နယ်ဂန္ထဝင် ပေါလ်မာဆင်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် အာဆင်နယ်အတွက် ဘယ်နောက်ခံနေရာမှာ အဓိကပြဿနာဖြစ်နေပြီး ဇင်ချန်ကိုသည် အသင်းကြီးများနှင့် ရင်ဆိုင်ကစားနိုင်သူမဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်၊ မန်စီးတီးအသင်းတို့နှင့်အပြိုင် ဖြစ်နေသည်။ အာဆင်နယ်အနေဖြင့် ယခုရာသီတွင် ပြီးခဲ့သည့်ရာသီထက် တိုးတက်လာသော်လည်း ဘယ်နောက်ခံနေရာတွင် ကစားနေသည့် ဇင်ချန်ကိုကြောင့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် ထိခိုက်မည်ကို စိုးရိမ်မိကြောင်း ပေါလ်မာဆင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပေါလ်မာဆင်က “အာဆင်နယ်က ပြီးခဲ့တဲ့ရာသီကနဲ့ ခြားနားသွားပါပြီ။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက သင်ခန်းစာတွေယူခဲ့ပြီး ဒက်ကလန်ရိုက်စ်က သူတို့ကို ပိုကောင်းလာစေပါတယ်။ သူတို့ ပရီးမီးယားလိဂ်ရနိုင်ပါတယ်။ ဒါပေမဲ့ အခုပြဿနာက ဘယ်နောက်ခံနေရာပါ။ ဘယ်နောက်ခံနေရာမှာ ကစားနေတဲ့ ဇင်ချန်ကိုဟာ ဇယားအောက်ပိုင်းက အသင်းတွေနဲ့ ကစားတဲ့အခါ အဆင်ပြေပေမဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ကစားရင် အဆင်မပြေပါဘူး”ဟု ပြောကြားခဲ့သည်။






