မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာက အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိုက်ထိုက်တန်တန်ဦးဆောင်နေခြင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားပြီးချိန်၌ ၁၄ ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၄၄ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။ အာဆင်နယ်အသင်းသည် ဒုတိယနေရာမှ လက်ရှိချန်ပီယံ မန်စီးတီးအသင်း (၃၉ မှတ်)ကို ငါးမှတ်ဖြတ်ထားသလို တတိယနေရာမှ နယူးကာဆယ်အသင်း (၃၅ မှတ်)ကိုလည်း ကိုးမှတ်အထိ ဖြတ်ထားသည်။
ထို့ကြောင့် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်နှင့် မန်စီးတီးတို့ အပြိုင်လုရမည်ဟု သုံးသပ်မှုများရှိနေပြီး ယခုအခါ မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာက အာဆင်နယ်အသင်းကို ချီးကျူးစကားပြောခဲ့ခြင်းဖြစ်သည်။

ဝေါ်လ်ကာက “ရာသီတစ်ဝက်လောက် ကျိုးလာချိန်မှာ ဘယ်အသင်းမဆို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ချင်ကြတာပါပဲ။ အာဆင်နယ်အသင်းကို ချီးကျူးချင်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ အခုအချိန်ထိ တကယ်ကိုကောင်းတာပါ။ ဒါပေမဲ့ ဒီရာသီမှာ ကစားရမယ့်ပွဲတွေအများကြီး ကျန်ရှိနေသေးတယ်ဆိုတာကို အားလုံးသိပါတယ်။ အခု ပရီးမီးယားလိဂ်မှာ ၁၇ ပွဲပဲ ကစားရသေးလို့ သချာင်္နည်းအရဆိုရင် ရာသီတစ်ဝက်ကျိုးပြီလို့ မဆိုနိုင်သေးပါဘူး။ ပွဲတွေအများကြီး ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ပြောင်းလဲမှုတွေ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။






