မန်စီးတီးအသင်းအနေဖြင့် ဖေဖော်ဝါရီနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာ ပြန်လည်ရောက်ရှိလာပြီး ချန်ပီယံဆုရယူနိုင်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း အဓိကပြိုင်ဘက် အာဆင်နယ်အသင်းမှာ ရမှတ်များစွာ ဆုံးရှုံးမည်မဟုတ် ကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက သတိပေးပြောကြားသည်။
မန်စီးတီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဖူလ်ဟမ်အသင်းအား အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရပြီး နောက် ၃၂ ပွဲကစား၊ ၂၄ ပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံး၊ ရမှတ် ၇၆ မှတ်ဖြင့် အာဆင်နယ်အသင်းထက် တစ်ပွဲလျော့၊ တစ်မှတ်အသာဖြင့် ဇယားထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့သည်။

မန်စီးတီးအသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်း ဇယားထိပ်ဆုံးနေရာတွင် ပထမဆုံးအကြိမ် ပြန်လည်ရပ်တည်နိုင်ခြင်းဖြစ်ပြီး တစ်ပွဲလျော့နေသလို လက်ကျန်ပွဲစဉ်အနေအထားအရ ချန်ပီယံဆုကို သုံးနှစ်ဆက်ရယူနိုင်ရန် ရေပန်းစားနေသည်။
သို့သော် ဂွါဒီယိုလာက ”ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က အမှတ်တွေ အများကြီးထပ်လျော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ နောက်ထပ်အတားအဆီးက ဗုဒ္ဓဟူးနေ့မှာပါ။ အာဆင်နယ်က အင်္ဂါနေ့ ကစားရမှာဖြစ်ပြီး ကျွန်တော်တို့က ဗုဒ္ဓဟူးနေ့ ကစားရမှာပါ။ အခု ကျွန်တော်တို့လက်ထဲမှာ ပွဲကျန်တစ်ပွဲ ရှိနေပြီး အင်္ဂါနေ့မှာ ပွဲကျန်နှစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့အတွက် ကစားရမယ့်ပွဲတွေ အများကြီးကျန်ပါသေးတယ်။ သုံးရက်တစ်ပွဲနှုန်း ကစားရတာက ပုံမှန်ဖြစ်နေပါပြီ။ နိုင်ပွဲတွေက ကျွန်တော်တို့ကို ပိုပြီးမြန်စေဖို့ ကူညီပေးပါတယ်။ ပြီးတော့ စိန်ခေါ်မှုတွေကိုလည်း ကျွန်တော်တို့ လက်ခံပါတယ်”ဟု ပွဲအပြီးတွင် ပြောကြားသည်။

မန်စီးတီးအသင်း၏ လက်ကျန်ပွဲစဉ်များ
ရက်စွဲ ပွဲစဉ်
၃-၅-၂၃ မန်စီးတီး – ဝက်စ်ဟမ်း
၆-၅-၂၃ မန်စီးတီး – လိဒ်စ်
၉-၅-၂၃ ရီးယဲလ် – မန်စီးတီး
၁၄-၅-၂၃ အဲဗာတန် – မန်စီးတီး
၁၇-၅-၂၃ မန်စီးတီး – ရီးယဲလ်
၂၁-၅-၂၃ မန်စီးတီး – ချယ်လ်ဆီး
၂၄-၅-၂၃ ဘရိုက်တန် – မန်စီးတီး
၂၈-၅-၂၃ ဘရန့်ဖို့ဒ် – မန်စီးတီး
၃-၆-၂၃ မန်စီးတီး – မန်ယူ
(ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လျှင် တစ်ပွဲထပ်တိုးမည်)






