ဆီဗီလာအသင်း၏နည်းပြ ဒီယေဂိုအလွန်ဆိုက အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်နိုင်သည့်အရည်အသွေး မိမိတို့တွင်ရှိသည်ဟု ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆီဗီလာအသင်းသည် အင်္ဂါနေ့(ယနေ့)တွင် အိမ်ကွင်း၌ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆီဗီလာအသင်းသည် ယှဉ်ပြိုင်ပြီးခဲ့သည့် အုပ်စုပွဲစဉ်(၂)ပွဲစလုံး သရေကျခဲ့ပြီး ရမှတ်(၂)မှတ်ဖြင့် အာဆင်နယ်၏နောက် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။
ထို့ကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် ယခုအိမ်ကွင်းပွဲစဉ်တွင် အနိုင်ရရှိရန် အရေးကြီးနေသည်။
သို့သော် ဆီဗီလာအသင်းသည် ယခုရာသီ၌ လာလီဂါပြိုင်ပွဲတွင်လည်း ရုန်းကန်နေရပြီး ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲ ဆက်တိုက်လည်း နိုင်ပွဲပျောက်ဆုံးထားသည်။

ထို့ပြင် ယခု အောက်တိုဘာလအတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်ထားရသည့်အသင်းဖြစ်ပြီး ဒီယေဂိုအလွန်ဆိုမှာ အောက်တိုဘာ (၁၀)ရက်ကမှ အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်သည်။
သို့ရာတွင် ၎င်းသည် ပထမဆုံးတာဝန်ယူကိုင်တွယ်ခဲ့သည့်ပွဲတွင် ရီးယဲလ်အသင်းနှင့် ရင်ဆိုင်ရာ၌ သရေရလဒ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် အာဆင်နယ်နှင့်ပွဲအတွက် ယုံကြည်မှုရှနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

၎င်းက ”ကျွန်တော်တို့ အလွန်ကောင်းတဲ့ ကစားသမားတွေနဲ့ ထိပ်တန်းနည်းပြတစ်ယောက် ရှိနေတဲ့အသင်းကို ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကွင်းထဲက နေရာတိုင်းမှာ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမှာပါ။ သူတို့ကို အခက်တွေ့အောင် လုပ်နိုင်တဲ့အရည်အသွေး ကျွန်တော်တို့မှာ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
ဆီဗီလာအသင်း၏ တိုက်စစ်ကစားသမား လာမယ်လာကလည်း ”ကျွန်တော်တို့ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ဒီပွဲက အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ရှေ့မှာ နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အာဆင်နယ်က ကစားသမားကောင်းတွေရှိပြီး မာကျောတဲ့၊ မြန်ဆန်တဲ့အသင်းဖြစ်သလို၊ ကျွန်တော်တို့ကလည်း ထိပ်တန်းအသင်းတစ်သင်းပါပဲ”ဟု ပြောကြားခဲ့သည်။






