ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းမှ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်အား အသင်း၏အနာဂတ်အဓိကတိုက်စစ်မှူးအဖြစ် ခေါ်ယူရန်သွားရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ ဂျူလီယန်အယ်လ်ဗာရက်ဇ်သည် ၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်း ရွှေ့လာသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတွင် မန်စီးတီးအသင်းအတွက် စတင်ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်သည်။
အယ်လ်ဗာရက်ဇ်သည် မန်စီးတီးအသင်းနှင့် ပထမဆုံးရာသီမှာပင် ပြိုင်ပွဲစုံ (၄၉)ပွဲအထိကစားခွင့်ရခဲ့ပြီး (၁၇) ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် အယ်လ်ဗာရက်ဇ်သည် လက်ရွေးစင်အသင်းဖြစ်သည့် အာဂျင်တီးနားအသင်းအတွက်လည်း ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး (၄)ဂိုးသွင်းယူကာခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

အယ်လ်ဗာရက်ဇ်သည်ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းနှင့်အတူ ဖလား (၃)လုံး အောင်ပွဲကိုရယူနိုင်ခဲ့သလို ၂၀၂၃ အတွက် ချီးမြှင့်မည့် Ballon d’Or ဆု တွင်လည်း ဆန်ခါတင် (၃၀)ဦးစာရင်း ၌ပါဝင်သည်အထိ တိုးတက်မှုကိုပြသနိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် ဘန်ဇီမာထွက်ခွာပြီး နောက်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအား အစားထိုးရန် စီစဉ်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် အယ်လ်ဗာရက်ဇ်အား အသင်း၏ရေရှည် တိုက်စစ်မှူးအဖြစ်ခေါ်ယူသွားရန် ပစ်မှတ်ထားနေပြီး လာမည့် နွေရာသီတွင်ကမ်းလှမ်း သွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
အယ်လ်ဗာရက်ဇ်သည် ၂၀၂၈ ခုနှစ် အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ပြောင်းရွှေ့ကြေးအနည်းဆုံးယူရိုသန်း (၈၀)ပေးချေရဖွယ်ရှိနေသည်။






