မက်ဒရစ်မြို့ရှိ ပီရူးအသင်းတည်းခိုရာ ဟိုတယ်အပြင်ဘက်တွင် ပီရူးလက်ရွေးစင် ကစားသမားများနှင့် စပိန်ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပီရူးအသင်းသည် ခြေစမ်းပွဲကစားရန်အတွက် စပိန်နိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပြီး မတ်လ ၂၈ ရက်က မော်ရိုကိုအသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲ ကစားခဲ့ကာ ယင်းပွဲမတိုင်မီ မတ်လ ၂၇ ရက် ညက ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပီရူးကစားသမားများသည် ဟိုတယ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် အသင်းပရိသတ်များကို သွားရောက်နှုတ်ဆက်ရန် ကြိုးပမ်းမှုကို ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအရတားဆီးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦး၏မျက်လုံးကို လက်သီးဖြင့်ထိုးသတ်ခဲ့သည့် ပီရူးကစားသမားတစ်ဦးကိုမူ ဖမ်းဆီးခဲ့သည်ဟု စပိန်အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ ပြီး အနီးစပ်ဆုံး ရဲစခန်းတွင် ထွက်ဆိုချက်များ ရယူပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။






