အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က ဒီရာသီ ပရီးမီးယားလိဂ် မှာ အဝါကဒ် ၉ ကဒ် အထိ ပြသခံထားရတဲ့ ကိုင်ဟားဗတ်ဇ် ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်း အပေါ် အံ့ဩတကြီး ဖြစ်မိကြောင်း ပြောကြား သွားခဲ့ပါတယ် ။
ဟားဗတ်ဇ် ဟာ အာဆင်နယ် အသင်း ကို ရောက်ခါစမှာ အနည်းငယ် ရုန်းကန် ခဲ့ရပေမယ့် အခုချိန်မှာတော့ အသင်း ရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်လာတဲ့ အထိ ခြေစွမ်းပြ ကစားနေပါတယ် ။ ဒီနေ့မနက်မှာ ကစားခဲ့တဲ့ လူတန်တောင်း အသင်း နဲ့ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့တဲ့ နောက် ဟားဗတ်ဇ် ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၈ ဂိုး ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ရှိ လာခဲ့ပါပြီ ။
ဟားဗတ်ဇ် ဟာ လူတန်တောင်း နဲ့ ပွဲမှာ ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့သလို ပွဲချိန် ၆၆ မိနစ်မှာ ဒိုင်ဗင်ပစ် ခဲ့တာကြောင့် အဝါကဒ် ပြသခံရပါတယ် ။ အဆိုပါ အဝါကဒ် ဟာ ဟားဗတ်ဇ် ရဲ့ ဒီရာသီ ရှစ်ကြိမ်မြောက် အဝါကဒ် ဖြစ်ပြီး ဘရိုက်တန် နှင့် အက်စတန်ဗီလာ ပွဲမှာသာ အဝါကဒ်တွေ ထပ်ထိပါက ၁၀ ကဒ် ပြည့်မြောက် သွားမှာ ဖြစ်ကာ နှစ်ပွဲပယ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ် ။

အာတီတာက လူတန်တောင်း အသင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဟားဗတ်ဇ်ရဲ့ အဝါကဒ် နဲ့ ပတ်သက်ပြီး ” ကျနော်တို့ သတိထားဖို့ လိုအပ်ပါတယ် ။ သူ့အနေနဲ့ အဝါကဒ် ထပ်ထိလို့ မရပါဘူး ၊ အဝါကဒ် ၁၀ ကဒ် ပြည့်သွားရင် ဘာတွေ ဖြစ်လာမလဲ ကျနော်တို့ အားလုံး သိကြပါတယ် ။ ဟားဗတ်ဇ် နေရာ မှာ တခြား ကစားသမား တစ်ဦး က အဝါကဒ် အဲ့ဒီလောက် ရှိနေပြီလို့ ပြောလာရင် ကျနော် အဲ့ဒီလောက် အံ့ဩမိမှာ မဟုတ်ပါဘူး ။ ”
” ကျနော် သူ ပြသခံရတဲ့ အဝါကဒ်တွေ ကို ပြန်ကြည့်သွားမှာပါ ။ တကယ် ပြခံရသင့်တဲ့ အဝါကဒ်တွေဆို ကျနော်တို့ အဝါကဒ် ပြသ ခံရတာနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင် သွားမှာပါ ၊ အသင်းက ကစားသမားတွေ အဲ့ဒီလောက် အဝါကဒ်တွေ အများကြီး ပြသ ခံနေရတာကို ကျနော်တို့ အလိုမရှိပါဘူး ၊ ကျနော်တို့ စည်းကမ်းပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး လိဂ်မှာ အကောင်းဆုံး အသင်းပါ ၊ အဲ့အပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပိုကောင်းအောင် လုပ်ဖို့ လိုနေသေးတဲ့ သဘောပေါ့ဗျာ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






