ကနေဒါလက်ရွေးစင်ကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်၏ စာချုပ်သစ်ကိစ္စ အတွက် အေးဂျင့်ဖြစ်သူနှင့် ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာတို့ အပြန်အလှန်ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။
အယ်လ်ဖွန်ဆိုဒေးဗီးစ် (၂၃ နှစ်) ၏ လက်ရှိစာချုပ်မှာ တစ်နှစ်ကျော်သာကျန်ရှိတော့ပြီး ၂၀၂၅ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်သည်။

၎င်းအား စာချုပ်သစ်ကမ်းလှမ်းမှုနှင့်ပတ်သက်၍ အေးဂျင့်ဖြစ်သူ နစ်ဟိုဆာက “အယ်လ်ဖွန်ဆိုအနေနဲ့ အခုလိုတိုက်ခိုက်ခံရတာ မတရားပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က သဘောတူညီမှုရဖို့ ကျွန်တော်တို့ နီးစပ်ခဲ့တယ်။ အဲဒီနောက်မှာ အသင်းရဲ့စီမံခန့်ခွဲမှု အဖွဲ့တစ်ခုလုံး အစားထိုးလိုက်ပြီး ကျွန်တော်တို့ ဘာမှမကြားရတာ ခုနစ်လရှိပါပြီ။ အဲဒီအချိန်မှာ အသင်းဘက်ကိုဆက်သွယ်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ အခု ကျွန်တော်တို့ကို ရာဇသံပေးထားပြီး နှစ်ပတ်အတွင်း တုံ့ပြန်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အသင်းက ဖိအားတွေအောက်ရောက်နေပြီး စီမံခန့်ခွဲမှုမှာ သူကိုယ်တိုင်နေရာပြန်ချဖို့ အချိန်အတော်ကြာယူခဲ့ရတာလား။ အဲဒါက မတရားပါဘူး။ ဒါက အယ်လ်ဖွန်ဆိုအတွက် အရမ်းအရေးပါတဲ့ စာချုပ်ပါ။ နောက်ရာသီမှာ နည်းပြမယ့်သူက ဘယ်သူလဲ၊ အသင်းက ဘယ်လိုပုံစံဖြစ်မလဲဆိုတာ မသိရဘဲနဲ့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ။ အဲဒါကြောင့် မတရားဘူးလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မက်စ်အီဘာလ်ကမူ မိမိတို့၏ကမ်းလှမ်းမှုမှာ မှန်ကန်ပြီး မျှတမှုရှိကြောင်း၊ အဖြေတစ်ခုခုပေးရမည်ဖြစ်ပြီး ခရစ္စမတ်အထိ မစောင့်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။






