ဗီလာပါ့ခါ ကို အရောက် ၊ အူနိုင်း အမ်မရီ နဲ့ အတွေ့မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် ရှုံးပွဲ မရှိမှု ရပ်တန့် သွားခဲ့ရပါပြီ ။ အိမ်ရှင် အသင်းဟာ အဖွင့် မိနစ် ၂၀ အတွင်းမှာတင် ၂ ဂိုးသွင်းကာ ပွဲကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။ လုခ်ရှောက ပထမပိုင်း ပြီးခါနီးမှာ တဂိုး ပြန်ချေပ ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်အစ မှာ နောက်တဂိုး ထပ်ပေး လိုက်ရပြီး အရှုံး ရလဒ်ကနေ ပြန်မလာ နိုင်တော့ပါဘူး ။

ဒီရှုံးပွဲကြောင့် ယူနိုက်တက် တို့ အဆင့် ၅ နေရာမှာပဲ ဆက်ရှိ နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နီးကပ်မယ့် အခွင့်အရေး ကို လက်လွှတ် ဆုံးရှုံး သွားခဲ့ရပါတယ် ။
ဒီနေ့ ပွဲမှာ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေကတော့ –
၁ ။ အမ်မရီ နဲ့ ဗီလာ ( သို့ ) ယူနိုက်တက် အဖြေထွက်အောင် တွက်တတ်တဲ့ ပုစ္ဆာများ
အူနိုင်း အမ်မရီ နဲ့ နောက်ဆုံး တွေ့ခဲ့တုန်းက မန်ချက်စတာ ယူနိုက်တက် ရှုံးခဲ့ပါတယ် ။ ယူရိုပါလိဂ် ဖိုင်နယ် မှာပါ ။ အမ်မရီ ရဲ့ ဗီလာ ရီးရဲ ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အရေးနိမ့်ခဲ့ရတာပါ ။ အခုလည်း အမ်မရီ ကို အကြွေး ထပ်တင်ခဲ့ပြန်ပါပြီ ။ လာမယ့် အပတ်ထဲမှာရော ( အမ်မရီ ရဲ့ ဗီလာ နဲ့ FA Cup ပွဲ ကစားဖို့ရှိ ) ဘယ်လို ဖြစ်ဦးမယ်မသိပါဘူး ။

အက်စတွန် ဗီလာ ကလည်း ယူနိုက်တက် ဆိုရင် ဒုက္ခပေးနေကျပါ ။ ခြေစမ်းပွဲ အပါအဝင် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက် ၁ ကြိမ်ပဲ နိုင်ထားပါတယ် ။ ၂ ကြိမ် ရှုံးပြီး ၂ ကြိမ် သရေကျထားတာပါ ။ မနှစ်က ဇန်နဝါရီ တုန်းက ၂ ဂိုးပြတ် နိုင်ပြီးကာမှ ၂ ဂိုးပြန်ပေးပြီး သရေကျတယ် ၊ နွေရာသီ ခြေစမ်းပွဲ တုန်းကလည်း ၂ ဂိုးစီ သရေကျခဲ့တာပါပဲ ။ လီယွန် ဘိုင်လီ ၊ ဂျက်ကော့ ရမ်ဆေး တို့ဆိုတာ ယူနိုက်တက် ကို ဒုက္ခပေးနေကျ ကစားသမားတွေပါ ။ အခုပွဲလည်း သူတို့ နှိပ်စက်လို့ ယူနိုက်တက် လက်ဗလာ နဲ့ အိမ်ပြန် ခဲ့ရပါပြီ ။
၂ ။ စာမေးပွဲကျခဲ့တဲ့ ဗန်ဒီဘိ
ဒီနေ့ပွဲမှာ စာမေးပွဲ ပိုးစိုးပက်စက် ကျသူတွေ အများကြီး ရှိခဲ့ပါတယ် ။ ဒီအထဲမှာ ဒွန်နီ ဗန်ဒီဘိ က အမှတ် အနည်းဆုံးပါပဲ ။ ဘရူနို ဖာနန်ဒက်စ် ပွဲပယ် ခံရမှုဟာ နယ်သာလန်သား စောင့်မျှော်နေတဲ့ အခွင့်အရေး ဖြစ်ခဲ့မှာပါ ။ ဒါပေမယ့် ဗန်ဒီဘိ တယောက် အခွင့်အရေးကို ပိုင်ပိုင် နိုင်နိုင် အသုံးမချ နိုင်ခဲ့ပါဘူး ။
မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ Rating သတ်မှတ်ချက်မှာ ဗန်ဒီဘိ ဟာ ၃ မှတ်သာ ရခဲ့ပါတယ် ။ တသင်းလုံးမှာ အနိမ့်ဆုံးပါ ။ ဗန်ဒီဘိ အတွက် အခွင့်အရေး ကုန်သွားပါပြီ ၊ နောက်ထပ် ရှိလာဖို့ မလွယ်တော့ပါဘူး ။
၃ ။ အားနည်းနေတဲ့ အရန်စာရင်း

တန်ဟတ် လက်အောက်မှာ ပုံစံကောင်း ပြနေတဲ့ ပထမ အသင်းသားတွေ နဲ့ အရန်လူတွေကြားက ကွာခြားမှုကို ဒီနေ့ ပွဲက ပြသွားခဲ့ပါတယ် ။ ဗန်ဒီဘိ တယောက်တင် မဟုတ်ပါဘူး ၊ လင်ဒီလော့ဖ် ဟာလည်း ဗာရန်း ရဲ့ နေရာကို အစားထိုးနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေခဲ့ ပါတယ် ။ လူငယ်လေး ဂါနာချို ကစားပုံ မဆိုးခဲ့ ပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက်တော့ မလုံလောက်သေးပါဘူး ။
ရှုံးနိမ့် နေတဲ့ အချိန်မှာ ယူနိုက်တက် ရဲ့ အရန်စာရင်းက လူစားလဲ ထည့်ချင်စရာတောင် မကောင်းခဲ့ပါဘူး ။ ဒါကြောင့်လည်း အီလန်ဂါ ၊ မာစီရယ် တို့ ဝင်လာပေမယ့်လည်း ရလဒ်ကို မပြောင်းနိုင်ခဲ့တာပါ ။
ဇန်နဝါရီမှာ လူကောင်းတွေ ထပ်မဖြည့်နိုင်ဘူး ဆိုရင် အဆင့် ၄ က ယူနိုက်တက် မျှော်လင့်နိုင်တဲ့ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သွားမှာပါ ။
၄ ။ လွဲမှားနေတဲ့ နေရာများ
အရန်အင်အားတင် မတောင့်တင်းတာ မဟုတ်ပါဘူး ။ ဗီလာ နဲ့ ပွဲက လူထုတ်ပုံတွေ ကလည်း အမှားတွေ ရှိခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ ညာတောင်ပံ မှာ အားကိုးလို့ လုံး၀ မရခဲ့ပါဘူး ။ အန်တိုနီ မပါနိုင်တာ ၊ ဆန်ချို မကစား နိုင်တာက တန်ဟတ် ရဲ့ အစီအစဉ်တွေ ပျက်ယွင်း စေခဲ့တာပါပဲ ။ ရိုနယ်ဒို ကလည်း အထောင် တိုက်စစ်မှာ အားကိုးလို့ မရနိုင်တော့ပါဘူး ၊ သူ့ဆီ ဖန်တီးမပေး နိုင်ဘူးဆိုရင် ၃၈ နှစ်သားကြီး ဆီက ဘာမှ မျှော်လင့်လို့ မရတော့တာပါ ။ ဒီလိုပွဲမျိုးမှာ တိုးအားကောင်းတဲ့ တိုက်စစ်သမားမျိုး လိုအပ်ပါတယ် ။ ယူနိုက်တက် မှာ အဲ့ဒါ မရှိခဲ့ပါဘူး ။

ကွင်းလယ် မှာလည်း ကက်စမဲရိုး နဲ့ တော်မီနေး တို့ ပါခဲ့တာက အားနည်းချက်တွေ ဖြစ်ခဲ့ပါတယ် ။ ဒါကိုလည်း တန်ဟတ် လူစားထိုးပြီး မဖြေရှင်း နိုင်ခဲ့ပါဘူး ။ ၂-၀ ၊ ၃-၁ ဆိုတဲ့ ရလဒ်တွေက ဒီလို ( ကွင်းလယ်ကို လဲဖို့ ) လုပ်ဖို့ အခွင့်အရေး မပေးခဲ့တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။
ဘာပဲ ဖြစ်ဖြစ် ယူနိုက်တက် တို့ ၃ မှတ် လက်လွှတ် ခဲ့ရပါပြီ ။ ကမ္ဘာ့ဖလား မတိုင်ခင် ၁ ပွဲ ( အမှတ်ပေးပွဲ ) ပဲ ကစားရတော့မှာပါ ။ ကမ္ဘာ့ဖလား ပြီးသွားရင်တော့ ၃-၄ ရက် ကို တပွဲနှုန်း နဲ့ ဆက်တိုက်တွေ ကစားရပါဦးမယ် ။ ကမ္ဘာ့ဖလား ကနေလည်း ဒဏ်ရာ နဲ့ ပြန်လည်သူတွေ ရှိချင် ရှိကြဦးမှာပါ ။
ကံကောင်းတာက အပြောင်းအရွှေ့ ရောက်ဖို့ ( ကမ္ဘာ့ဖလား ပြီးသွားရင် ) သိပ်မလိုတော့တာပါပဲ ။ ဈေးကွက် စဖွင့်ဖွင့်ချင်း ခပ်သွက်သွက် လှုပ်ရှား နိုင်ဖို့ အိမ်စာတွေ ကြိုလုပ်ထားမယ်ဆိုရင်တော့ ယူနိုက်တက် အင်အား ပိုကောင်းလာမှာပါ ။
လောလောဆယ်တော့ ကြာသပတေးနေ့မှာ ပြန် ဧည့်ခံရမယ့် ဗီလာ နဲ့ အမ်မရီ ကို ရှုံးကြွေးဆပ်ဖို့ပဲ သူတို့ အာရုံ ရောက်နေကြဦးမှာပါပဲ ။






