Thursday, January 22, 2026
spot_img
spot_img

အမ်ဘတ်ပေ ပြောင်းရွှေ့နိုင်တဲ့ ပရီးမီးယားလိဂ် ကလပ် တသင်းတည်းသာ ရှိကြောင်း The Telegraph ဂျာနယ်လစ် တဦး ဖော်ပြ

ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေဟာ ယခုနှစ် နွေရာသီ စျေးကွက် အတွင်း အသင်းပြောင်းဖို့ သေချာသလောက် ရှိနေပေမယ့် ၊ လောလောဆယ်မှာ ဘဏ္ဍာရေး အရ ၄င်းကို ခေါ်ယူနိုင်တဲ့ ကလပ် အရေအတွက်က လက်တဆုပ်စာသာ ရှိနေပါတယ် ။

ငွေကြေးပိုင်း အရ တတ်နိုင်တဲ့ အပြင် ၊ ကစားသမား ကိုယ်တိုင်ကပါ ပြောင်းရွှေ့လိုနေတဲ့ ကလပ်ကတော့ ရီးရဲလ်မက်ဒရစ် ဖြစ်ပေမယ့် ၊ ၄င်းတို့ဟာ အရှေ့ရာသီက ပီအက်စ်ဂျီနဲ့ အရှုပ်အရှင်း အနေအထားတွေ ကြုံတွေ့ခဲ့တာကြောင့် အမ်ဘတ်ပေကို ခေါ်ယူဖို့ ကိစ္စက ထင်ထားသလို လွယ်ကူမှာ မဟုတ်တာ သေချာပါတယ် ။

အမ်ဘတ်ပေကို တရားဝင် ကမ်းလှမ်းမှု လုပ်ခဲ့တဲ့ အသင်းက ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလယ် ဖြစ်ပေမယ့် ၊ ကစားသမား ကိုယ်တိုင်က အမြင့်ပျံသန်းနေရမယ့် အသက်အရွယ်မှာ အရှိန်အဝါကျော်စောမှု တိမ်မြုပ်စေမယ့် ဆော်ဒီသို့ မပြောင်းရွှေ့ချင်နေပါဘူး ။

ပီအက်စ်ဂျီဖက်ကတော့ အမ်ဘတ်ပေ အတွက် အယ်ဟီလယ်ရဲ့ ယူရိုသန်း ၃၀၀ ကမ်းလှမ်းမှုကို ကျေကျေနပ်နပ် လက်ခံထားပေမယ့် ၊ တဖက်မှာ အမ်ဘတ်ပေဟာ နောက်နှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ အလွတ်နဲ့ ပြောင်းရွှေ့ပြီး ၊ တနှစ်လုပ်ခ လစာ ယူရိုသန်း ၁၆၀ ရရှိမယ့် စာချုပ်ကိုတောင် သဘောတူထားပြီးပြီလို့ ပီအက်စ်ဂျီဖက်က ယုံကြည်နေပါတယ် ။

ဒီအတွက် ပီအက်စ်ဂျီဖက်က ရီးရဲလ်မက်ဒရစ်ကို ခွင့်ပြုချက် မရှိပဲနဲ့ မပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက်ကို စည်းရုံးသိမ်းသွင်းခြင်း အတွက် ဖီဖာထံ တိုင်ကြားမှု လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ The Telegraph ဂျာနယ်လစ် ဂျေဆင်ဘတ်က ဖော်ပြထားပါတယ် ။

အဖြစ်နိုင်ဆုံး အနေအထားကတော့ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှ ရီးရဲလ်မက်ဒရစ်ဖက်က အမ်ဘတ်ပေကို တန်ကြေး အထိုက်အလျောက်နဲ့ ကမ်းလှမ်းမှု လုပ်ခြင်း ဖြစ်တယ်လို့ ဂျေဆင်ဘတ်က ယူဆထားပါတယ် ။

ဖြစ်နိုင်ခြေ အလွန်နည်းပေမယ့် ၊ အမ်ဘတ်ပေသာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ခေါ်ယူနိုင်တဲ့ တသင်းတည်းသော ကလပ်က ချဲလ်ဆီး ဖြစ်ကြောင်း ယင်း Telegraph ဂျာနယ်လစ်က သုံးသပ်ထားပါတယ် ။ အမ်ဘတ်ပေကို ခေါ်ဖို့ လီဗာပူးနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ၊ စီနီယာ သတင်းအရင်းအမြစ်တွေက ဒါကို ငြင်းဆန်ထားပါတယ် ။

ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ မညိစွန်းဖို့ အတွက် ချဲလ်ဆီးသာ အမ်ဘတ်ပေကို ခေါ်ယူခဲ့မယ်ဆိုရင် ရှင်းထုတ်ဖို့ ကျန်နေတဲ့ ကစားသမားတွေကို သင့်တင့်မျှတတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ နည်းလမ်း တခုတည်းသာ ရှိနေပါတယ် ။

အမ်ဘတ်ပေကို ခေါ်ဖို့ ချဲလ်ဆီးကို တခြား ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေထက် အားသာသွားစေနိုင်တဲ့ နောက်တချက်က လက်ရှိ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို ဖြစ်ပြီး ၊ ၄င်းဟာ ကစားသမားဖြစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီးဖက်က အမ်ဘတ်ပေကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေက မထိတထိ စမ်းသပ်တဲ့ အနေအထားမှာသာ ရှိနေသေးတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments