ယနေ့ည လီဗာပူးနှင့်အန်ဖီးတွင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ဘန်ဇီမာသည် ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာမည်ဖြစ်ကြောင်း ရီးရဲမက်ဒရစ်အသင်းနည်းပြချုပ် အန်ဆယ်လော့တီက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ပြင် ယနေ့ညတွင် ဗီနီးဆီးယပ်စ်ဂျူနီယာသည်လည်း ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း အန်ဆယ်လော့တီက ဆက်လက်ပြောဆိုလိုက်သည်။

အန်ဆယ်လော့တီသည်တနင်္ဂနွေနေ့က အိုဆာဆူနာကို ၂-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် ဘန်ဇီမာကို အသုံးပြုခြင်းမရှိပဲ လီဗာပူးနှင့်ပွဲတွင် အသုံးပြုရန် ခြေချန်ထားခဲ့သည်။ ပြီးခဲ့သည့်ဘောလုံးရာသီ ချန်ပီယံလိဂ်တွင် ၁၂ ပွဲကစားပြီး ၁၅ ဂိုးသွင်းပေးထားသော ဘန်ဇီမာ ပါဝင်လာခြင်းသည် အဖြူရောင်အသင်းအတွက် ကြီးမားသည့် အားသာချက်တစ်ရပ်ဖြစ်လာကြောင်း သတင်းများက ဖော်ပြသည်။
ဘန်ဇီမာပါဝင်နိုင်ရေးနှင့်ပတ်သက်ပြီး သတင်းသမားများက မေးမြန်းရာတွင် အန်ဆယ်လော့တီက “ဘန်ဇီမာက အခြေအနေကောင်းပါတယ်။ လီဗာပူးနဲ့ပွဲမှာ သူပွဲထွက်ကစားမှာဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။ ဘန်ဇီမာပါဝင်သော်လည်း ချူအာမာနီနှင့် ခရူးစ်တို့မှာမူပါဝင်နိုင်မည်မဟုတ်ချေ။ ထိုကိစ္စနှင့်ပတ်သက်၍ အန်ဆယလော့တီက “သူတို့ကိုပါဝင်စေချင်ပေမယ့် မပါဝင်နိုင်ဘူး။ ဒါပေမယ့်စိတ်မပူပါဘူး။ သူတို့မပါဝင်နိုင်လည်း အစားဝင်ကစားသူတွေက အခြေအနေကောင်းပါတယ်။ မိုဒရစ်က ဇန်နဝါရီမှာ ရုန်းကန်ရပေမယ့် အခုတော့ခြေစွမ်းပြန်ကောင်းနေပါပြီ။ မိုဒရစ်က အခြေအနေကောင်းပြီး ရီးရဲမက်ဒရစ်အတွက် ကစားရတာကိုလည်း ပျော်နေပါတယ်”ဟု အန်ဆယ်လော့တီက ဖြေသည်။

နောက်ဆုံးတစ်ကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးနှင့်တွေ့ဆုံစဉ်က ဗီနီးဆီးယပ်စ်ဂျူနီယာသည် အသင်းအတွက်အနိုင်ဂိုးကိုသွင်းပေးခဲ့သည်။ ယခုပွဲတွင် ဗီနီးဆီးယပ်စ်နှင့်ပတ်သက်၍ အန်ဆယ်လော့တီက “ဗီနီးဆီးယပ်စ်က ဘယ်နေရာမှာပဲ ဘယ်ကွင်းမှာပဲ ကစားရသည်ဖြစ်ပါစေ ခြေစွမ်းကောင်းတယ်။ ဒီတစ်ပွဲကလည်း အရေးပါတဲ့ပွဲဖြစ်ပါတယ်။ သူကစားတာကြည့်ရတာကိုက ကောင်းပါတယ်။ အားလုံးကလည်း သူကစားရတာကို ကြည့်ပြီးသူ့ရဲ့ဘောလုံးပါရမီကို ချီးမွမ်းကြတယ်။ ပက်ဒရီ ဘာပေ ဟာလန်းတို့လိုပေါ့”ဟု အန်ဆယ်လော့တီက ပြောသည်။






