ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်စတာ နည်းပြဟောင်း အန်ဇို မာရက်စ်ကာကို ၅နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူခန့်အပ်ခဲ့ပါတယ် ။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ ၃ဦးမြောက် တရားဝင် နည်းပြသစ် ခန့်အပ်မှုလည်း ဖြစ်ပါတယ် ။
မာရက်စ်ကာဟာ ပြီးခဲ့တဲ့ ရာသီမှာ လက်စတာကို ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၊ ပရီးမီးယားလိဂ်သို့ တန်းတက်စေခဲ့ပါတယ် ။ သို့ပေမယ့် ၎င်းရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံဟာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အချိန် ကာလ တခုမျှသာ ရှိပါတယ် ။
ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကတော့ မာရက်စ်ကာရဲ့ အရည်အချင်းကို သူ့အနေနဲ့ ချက်ချင်း ဝေဖန်အကဲဖြတ်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟရင်း ၊ အမေရိကန် ပိုင်ရှင်တွေဟာ ယင်းအီတလီသားကို ဘာရည်ရွယ်ချက် ၊ ဘာကို အလိုရှိလို့ ခေါ်ခဲ့တာလဲ ဆိုတာ ကောင်းကောင်းသိဖို့ မျှော်လင့်ကြောင်း အနည်းငယ် ခနဲ့သွားပါတယ် ။

BBC Sport နဲ့ တွေ့ဆုံရာမှာ ဖာဘရီဂတ်စ် က ” ကျွန်တော် တွေးမိတာက သူ အလုပ်မလုပ်ရမချင်း ၊ သူ ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတာ မပြသနိုင်သေးခင်တော့ ခင်ဗျား ဘယ်တော့မှ မသိနိုင်သေးသလို ၊ ဘယ်ဆုံးဖြတ်ချက်ကိုမှ ဝေဖန်လို့ မရသေးပါဘူး ။ ဇီဒန်း ၊ ဂွာဒီယိုလာတို့ဟာလည်း ဘာအတွေ့အကြုံမှ မရှိပဲနဲ့ အောင်မြင်တဲ့ နည်းပြ ဘဝကို စတင်ခဲ့ကြတာပါ ။ ”
” သူတို့ ၂ယောက်ထဲက တယောက်ဟာ ဖလား၃လုံး ချန်ပီယံ ဖြစ်ဖူးသလို ၊ တယောက်က ချန်ပီယံလိဂ် ၃နှစ်ဆက် ဆွတ်ခူးခဲ့ဖူးပါတယ် ။ သူ ( မာရက်စ်ကာ ) ဟာ အသင်းကောင်း တသင်းကို ကိုင်တွယ်ခွင့် ရပါလိမ့်မယ် ။ သူဟာ ကြံ့ခိုင်မှုအရ အရမ်း အားကောင်းပြီး ၊ ဆာလောင်နေတဲ့ ကစားသမား အစုအဖွဲ့ကောင်းကို ကိုင်တွယ်ခွင့် ရပါလိမ့်မယ် ။ ”
” သူ့အတွက် အချိန် လိုမယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အီတလီမှာ ပါးမား အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ် ။ သူဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ နည်းပြ အလုပ် လုပ်ခဲ့ဖူူးပြီး ၊ မတူညီတဲ့ ဘောလုံး ကစားဟန်တွေ ပြသနိုင်ခဲ့ပါတယ် ။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ”
” နည်းစနစ် အကြောင်းတော့ ကျွန်တော် မပြောနိုင်သေးပါဘူး ။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ သူ့အလုပ်ရဲ့ နောက်ကွယ်မှာ ရှိမနေတာကြောင့်ပါ ။ ဒီတော့ သူတို့ ( ချဲလ်ဆီး ပိုင်ရှင်တွေ ) ဘာကို အမှန်တကယ် ရှာဖွေနေလဲ ဆိုတာ ခင်ဗျား မသိနိုင်ပါဘူး ။ ဒါပေမယ့် သူဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ လူငယ် နည်းပြ တဦး ဆိုတာတော့ သေချာပါတယ် ။ ”

” သူ့မှာ တမူထူးခြားတဲ့ ကစားဟန် တခု ရှိပြီး ၊ သူတို့ ဒါကို သေသေချာချာ လေ့လာခဲ့ပြီးမှ ဘယ်အနောက်ကို လိုက်နေလဲ ဆိုတာ ကောင်းကောင်းသိဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ မာရက်စ်ကာဟာ လက်စတာမှာ ၄ – ၃ – ၃ ကစားကွက်ကို အဓိက အသုံးပြုခဲ့ပေမယ့် ၊ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို ချဲလ်ဆီးနဲ့ လမ်းမခွဲခင်မှာ သုံးခဲ့တဲ့ Inverted Full-back စတိုင်လ်နဲ့လည်း အကျွမ်းတဝင် ရှိပါတယ် ။
ဒါနဲ့ ပတ်သက်ပြီးလည်း ဖာဘရီဂတ်စ် က ” ခင်ဗျားဟာ ကစားကွက် တခု တည်ဆောက်တဲ့အခါ ကိုယ့်မှာ ရှိတဲ့ ကစားသမားတွေ အကြောင်း နားလည်ဖို့ လိုပါတယ် ။ ခင်ဗျား သူတို့နဲ့ လေ့ကျင့်ရပါလိမ့်မယ် ။ ၃+၂ နည်းစနစ်ကို ပုံဖော်ဖို့ နည်းလမ်း အမျိုးမျိုး ရှိပါတယ် ။”
” ခံစစ်မှူးတွေနဲ့ ဒါကို ခင်ဗျား ပုံဖော်နိုင်သလို ၊ နံပါတ်၁၀ကို ကွင်းလယ် အတွင်းဖက် ဆင်းကစားစေပြီး ၊ အစွန် နောက်ခံလူ တယောက်ကို ကွင်းလယ် တက်ကစားစေတဲ့ ပုံစံမျိုး ခင်ဗျား လုပ်လို့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






