မနေ့ညက ကစားသည့်ပွဲတွင် မန်ယူသည် အဝေးကွင်း၌ နယူးကာဆယ်ကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်ယူသည် အနိုင်ပွဲကို ဆာလောင်စိတ်ကင်းမဲ့ခဲ့ကြောင်း အမူအကျင့်များအားနည်းနေကြောင်း အသင်း၏ ဘယ်အစွန်ခံစစ်ကစားသမား လုခ်ရှောက ပွဲအပြီးတွင် ပြင်းထန်စွာ ဝေဖန်ပြောဆိုလိုက်သည်။
မန်ယူကို အနိုင်ရလိုက်ပြီးနောက် အက်ဒီဟောင်း၏အသင်းသည် တန်စီဇယားတွင် အဆင့် ၃ နေရာသို့ တက်လာပြီး မန်ယူသည် အဆင့် ၄ နေရာသို့ဆင်းသွားခဲ့သည်။ မန်ယူသည် နိုင်ငံတကာပွဲများ အပြီး ပထမဆုံးစတင်ပြန်ကစားသော ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သလို နယူးကာဆယ်အတွက် အနိုင်ဂိုးများကို ဝီးလ်လော့ခ်နှင့်ဝီလ်ဆင်တို့က သွင်းယူခဲ့သည်။

တန်းဟက်အသင်းသည် ၂၀၂၀ ဖေဖော်ဝါရီနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်သုံးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားသည်။ ထို့ပြင် စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားသော မနေ့ညက ပွဲတွင် အန်ထော်နီ၏ ကန်သွင်းမှုတစ်ကြိမ်သာ ပြိုင်ဘက်အသင်းဘက်သို့ ဂိုးသွင်းရန်ကြိုးစားမှုအဖြစ် မန်ယူက ပြုလုပ်နိုင်ခဲ့သည်။
မန်ယူသည် ပရီးမီးယားလိဂ်တွင် သုံးပွဲဆက် အနိုင်ပွဲပျောက်ခဲ့ခြင်းကြောင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အဆင့် ၄ အတွင်းဝင်နိုင်ရေးကို နယူးကာဆယ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်အနေအထားဖြစ်လာခဲ့သည်။

လုခ်ရှောက “ရိုးရိုးသားသားပြောရရင် တစ်သင်းလုံးအနေနဲ့ ခြုံကြည့်ရင် မန်ယူက လုံလောက်တဲ့ ခြေစွမ်းမရှိပါဘူး။ နယူးကာဆယ်က အသင်းကောင်းတစ်သင်းဆိုတာမှန်ပါတယ်။ ဒီနေ့ပွဲကို သူတို့ အနိုင်ရသွားတာက အရည်အသွေးကြောင့်လို့ ပြောလို့မရပါဘူး။ သူတို့က စိတ်ဓာတ်ပြင်းထန်မှု အနိုင်ပွဲကို ဆာလောင်မှုတို့မှာ ပိုကောင်းလို့ အခုလို အနိုင်ရသွားတာလို့ မြင်ပါတယ်။ သူတို့က မန်ယူထက်ပိုပြီးတက်ကြွနေတယ်။ အခုလိုအဆင့်အတန်းမှာ ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ မန်ယူကလည်း အနိုင်ရလိုစိတ်နဲ့ တက်ကြွနေဖို့လိုအပ်ပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်လိုနေရာမျိုးက ကစားရတာ အရမ်းခက်ခဲပါတယ်။ တက်ကြွမနေရင် အနိုင်ရလိုစိတ်ကင်းမဲ့ရင် ခံလိုက်ရမှာပဲလေ။ မန်ယူက ခြေစွမ်းအဆင့်အတန်းကျနေတယ်။ ဒီနေ့ပွဲမှာ ဒီအချက်က သိသာသွားတယ်”ဟု ပြောဆိုလိုက်သည်။






