အင်္ဂလန်လက်ရွေးစင်အသင်း ခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းသည် လက်ရွေးစင်အသင်း၏ ဂိုးသွင်းစံချိန်ရှင်ဖြစ်လာခဲ့ခြင်းအတွက် နည်းပြ ဆောက်ဂိတ်နှင့် အသင်းဖော်များ ကို အထူးလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟာရီကိန်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ယှဉ်ပြိုင်ကစားခဲ့သော ယူရို-၂၀၂၄ ခြေစစ်ပွဲတွင် အီတလီအသင်းအား ဂိုးသွင်းယူခဲ့ပြီးနောက် ၀ိန်းရွန်နီ တင်ရှိထားသည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယူကရိန်းနှင့်ပွဲတွင် တစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည့်အတွက် ဟာရီကိန်းသည် လက်ရှိအချိန်၌ အင်္ဂလန်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် (၅၅)ဂိုးဖြင့် ရပ်တည်နေပြီဖြစ်သည်။
ယင်းအတွက် ဟာရီကိန်းက ဇွန်လ ယူရို-၂၀၂၄ ခြေစစ်ပွဲများအ တွက် အင်္ဂလန်အသင်း ပြန်လည်ပူးပေါင်းမှုပြုလုပ်ရာတွင် နည်းပြနှင့် အသင်းဖော်များကို လက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်း၏ လက်ဆောင်မှာ သတ္တုပြားပေါ်တွင် အင်္ဂလန်အသင်းအတွက် ၎င်း ဂိုးသွင်းစံချိန်တင်ခဲ့သည့် သွင်းဂိုး(၅၄)ဂိုးစာရင်းကို ဖော်ပြထားသလို၊ အသင်းဖော်တစ်ဦးချင်းနှင့် အတူယှဉ်တွဲ တွေ့ရသည့် ဓာတ်ပုံပါဝင်ပြီး ၎င်းတို့အပေါ် ရေးသားထားသည့် အမှတ်တရစကားနှင့် အမှတ်တရလက်မှတ်များ ပါဝင်ကြောင်း သိရသည်။
ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အဖြစ် ၂၀၁၅ တွင် စတင်ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း (၈၂)ပွဲ ကစားထားသည်။






