Tuesday, January 20, 2026
spot_img
spot_img

အင်္ဂလန်ရှိ အမျိုးသားဘောလုံးသမားငါးဦးလျှင် တစ်ဦးနီးပါး ဆေးရွက်ကြီးထွက်ပစ္စည်း Snus အသုံးပြုလျက်ရှိကြောင်း PFA စစ်တမ်းထုတ်ပြန်

အင်္ဂလန်နိုင်ငံရှိ အမျိုးသား ပရော်ဖက်ရှင်နယ်ဘောလုံးသမား ငါးဦးလျှင် တစ်ဦးနီးပါးမှာ ဆေးရွက်ကြီးထွက်ပစ္စည်း Snus အသုံးပြုလျက်ရှိကြောင်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် (PFA) က ထုတ်ပြန်သည့် စစ်တမ်းအရ သိရသည်။

ယင်းစစ်တမ်းကို PFA က တာဝန်ပေးအပ်ထားသည့် အင်္ဂလန် နိုင်ငံ၊ လက်စတာရှိုင်းယားရှိ အများပြည်သူ သုတေသနတက္ကသိုလ်ဖြစ်သည့် Loughbrough University က စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး ကစားသမားငါးဦးလျှင် နှစ်ဦးမှာ Snus နှင့် ဆေးရွက်ကြီးမပါဝင်သည့် နီကိုတင်းအိတ် နှစ်မျိုးအနက် တစ်မျိုး သို့မဟုတ် နှစ်မျိုးစလုံးကို အနည်းဆုံးတစ်ကြိမ် စမ်းသပ်အသုံးပြုဖူး ကြောင်း ထုတ်ပြန်ထားသည်။ Snus မှာ ဆေးရွက်ကြီးထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး လက်ဖက်ခြောက်အိတ်နှင့် ဆင်တူကာ နှုတ်ခမ်းနှင့် သွားဖုံးကြား ညှပ်ထားလျှင် သွေးကြောအတွင်းသို့ နီကိုတင်းဓာတ်ထုတ်ပေးကြောင်း သိရသည်။

Snus ရောင်းချမှုမှာ ဗြိတိန် တွင် တရားမဝင်သော်လည်း ၎င်းအား အသုံးပြုခြင်းမှာမူ ဥပဒေအရ ဆန့်ကျင်မှုမရှိသလို ဆေးရွက်ကြီး မပါသည့် နီကိုတင်းအိတ်ရောင်းချမှုကို တရားဝင်အဖြစ် သတ်မှတ်ထားသည်။ ကစားသမားအများစုမှာ ဆေးရွက်ကြီးပါဝင်သည့် Snus အသုံးပြုခြင်းထက် နီကိုတင်းအိတ်ကို အသုံးပြုလေ့ရှိသော်လည်း Snus ဟုသာ ခေါ်ဆိုလေ့ရှိကြောင်း သိရ သည်။ ယခုထုတ်ပြန်သည့်စစ်တမ်း တွင် ပရီးမီးယားလိဂ်နှင့် EFL (ပရီးမီးယားလိဂ်ပြင်ပ အောက်တန်းလိဂ် သုံးခု) ကလပ်များမှ အမျိုးသားကစားသမား ၆၂၈ ဦးနှင့် အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှ ကစားသမား ၅၁ ဦးကို မေးမြန်းထားခြင်းဖြစ်သည်။

ဖြေဆိုသူ အမျိုးသားကစား သမားများအနက် ၁၈ ရာခိုင်နှုန်းက Snus ကို လတ်တလောအသုံးပြုနေကြောင်းနှင့် ၄၂ ရာခိုင်နှုန်းက အနည်းဆုံးတစ်ကြိမ် စမ်းသပ်ဖူးကြောင်း ဖြေကြားသည်။ အမျိုးသမီးကစားသမားများအနက် ၂၂ ရာခိုင်နှုန်းက လတ်တလောအသုံးပြုနေကြောင်း နှင့် ၃၉ ရာခိုင်နှုန်းက အနည်းဆုံး တစ်ကြိမ် စမ်းသပ်ဖူးကြောင်း ဖြေကြားသည်။ ထို့ပြင် အမျိုးသားကစားသမား ၄၈ ရာခိုင်နှုန်းက လာမည့်နှစ်တွင် Snus အသုံးပြုမှုရပ်ဆိုင်းရန် ဆန္ဒရှိကြောင်း ဖြေကြားပြီး အမျိုးသမီးကစားသမားများမှာမူ ယင်းကဲ့သို့ ဖြေကြားသူ ၉ ရာခိုင်နှုန်းသာရှိသည်။ စစ်တမ်းကောက်ယူသူများ အနေဖြင့် ပရော်ဖက်ရှင်နယ်ကလပ် ၁၆ သင်း၏ စွမ်းဆောင်ရည်ပိုင်းနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုလည်း တွေ့ဆုံမေးမြန်းထားကြောင်း သိရသည်။

Snus ကို လတ်တလောအသုံးပြုနေသူ အမျိုးသားကစားသမား ၄၅ ဦး (၂၉ ရာခိုင်နှုန်း) နှင့် အမျိုးသမီးကစားသမား ၁၁ ဦး (၅၅ ရာခိုင် နှုန်း) က၎င်းမှာ စွမ်းဆောင်ရည်မြှင့် တင်ပေးနိုင်ပြီး အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ဖြေကြားသည်။ ထို့ပြင် အမျိုးသားကစားသမား ၈၄ ဦး (၅၆ ရာခိုင်နှုန်း) နှင့် အမျိုးသမီး ကစားသမား ၁၁ ဦး (၃၆ ရာခိုင်နှုန်း) က Snus အသုံးပြုခြင်းမှာ အပန်းပြေမှုကို အထောက်အကူဖြစ်စေကြောင်း ဖြေကြားသည်။ ၎င်းတို့အနေဖြင့် လေ့ကျင့်မှုပြုလုပ်ပြီးချိန်နှင့် ပွဲကစားပြီးချိန်တွင် အများဆုံးအသုံးပြုလေ့ရှိကြောင်း သိရသည်။

Snus အသုံးပြုခြင်းကြောင့် လေ့လာတွေ့ရှိရသည့် ဆိုးကျိုးများမှာ ၎င်းအား အသုံးပြုသူများအနေဖြင့် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက အစာရေမျိုပြွန်ကင်ဆာနှင့် ပန်ကရိယကင်ဆာဖြစ်နိုင်ခြေ တိုးမြင့်လာသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေတိုးလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ ဖြေဆိုသူများအနက် အမျိုးသားကစားသမား ၅၈ ရာခိုင်နှုန်းနှင့် အမျိုးသမီးကစားသမား ၈၆ ရာခိုင်နှုန်းက ၎င်းနှင့်ပတ်သက်၍ ပညာပေးမှု မကြုံဖူးကြောင်း ဖြေကြားထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments