Tuesday, January 13, 2026
spot_img
spot_img

အင်တာမိုင်ယာမီအသင်းနှင့် လူးဝစ်ဆွာရက်ဇ် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး စိန်ခေါ်မှုအသစ်အတွက် စိတ်လှုပ်ရှားကြောင်းနှင့် ဆုဖလားများစွာ ရယူသွားလိုသည်ဟု ပြောကြား

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်သည် အသင်းဖော်ဟောင်းများရှိနေသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် အသက်(၃၆)နှစ်ရှိပြီဖြစ်သော်လည်း ၂၀၂၃ ရာသီတွင် ဘရာဇီးလ် စီးရီးအေပြိုင်ပွဲ၌ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သူဖြစ်သည်။ ဆွာရက်ဇ်သည် ဂရီမီယိုအသင်းအတွက် ဘရာဇီးလ်စီးရီးအေပြိုင်ပွဲ၌ (၁၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၁)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ဘရာဇီးလ်လိဂ်၌ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားဖြစ်ခဲ့သည်။

ဂရီမီယိုအသင်းအနေဖြင့် ဘရာဇီးလ် စီးရီးအေချန်ပီယံဆုနှင့် လွဲချော်ပြီး ဒုတိယနေရာသာ ရရှိခဲ့သော်လည်း ဆွာရက်ဇ်မှာမူ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ သို့သော် ဂရီမီယိုအသင်းနှင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ပြီး သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း အင်တာမိုင်ယာမီအသင်းနှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် အင်တာမိုင်ယာမီအသင်းတွင် ဘာစီလိုနာအသင်းဖော်ဟောင်းများဖြစ်သည့် မက်ဆီ၊ ဘူးစကွက်စ်၊ အယ်လ်ဘာတို့နှင့် ပြန်လည်ဆုံတွေ့ ရမည်ဖြစ်ပြီး ကျောနံပါတ်(၉) ဝတ်ဆင်ကစားမည်ဖြစ်သည်။

“ကျွန်တော် အရမ်းပျော်ပါတယ်။ အင်တာမိုင်ယာမီနဲ့ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရမယ့်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ ဒီအသင်းနဲ့ အစပြုဖို့ မစောင့်နိုင်တော့အောင်ပါပဲ။ ဒီထိပ်တန်းအသင်းနဲ့အတူ ဆုဖလားတွေအများကြီး ရယူသွားချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့လည်း အသင့်ဖြစ်နေပါပြီ။ ဒီအသင်းရဲ့ ပရိသတ်တွေ ပျော်ရွှင်စေဖို့ အရာအားလုံး ပေးဆပ်သွားမှာပါ”ဟု လူးဝစ်ဆွာရက်ဇ်က ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments