မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဗီလာနှင့်ပွဲတွင် ဟော်လန်း ဒဏ်ရာရရှိခဲ့သော်လည်း အာဆင်နယ်နှင့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဟော်လန်းသည် ယင်းပွဲတွင် ဒဏ်ရာရရှိသွားသဖြင့် ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည်။

မန်စီးတီးအသင်းသည် ဗုဒ္ဓဟူးနေ့တွင် ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ရာ ဟော်လန်းမှာ ပါဝင်နိုင်ရန် မသေချာသည့်အခြေအနေရှိနေသည်။

သို့သော် ဂွါဒီယိုလာကမူ ဗုဒ္ဓဟူးနေ့ပွဲတွင် ၎င်းပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပွဲအပြီးတွင် ပြောကြားသည်။
”အာလင်းက ထိခိုက်မိခဲ့ပါတယ်။ သူ့ပုံစံက အဆင်မပြေပါဘူး။ ပထမပိုင်းအပြီးမှာ ဆရာဝန်တွေနဲ့ ကျွန်တော် စကားပြောခဲ့တယ်။ ဒီရလဒ်အတိုင်း (ပထမပိုင်းအပြီး ၃-၀ ဂိုး) ဆိုရင် ကျွန်တော်တို့ မစွန့်စားသင့်ဘူးလို့ သူတို့က ပြောကြတယ်။ ကျွန်တော်လည်း ဒါကို သဘောတူပါတယ်။ ရလဒ်က မပြတ်သားဘူးဆိုရင် ကျွန်တော်လည်း ဒီလိုမလုပ်ပါဘူး။ သူဒဏ်ရာရသွားတာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ တနင်္လာနေ့ကျရင် စစ်ဆေးရမှာပါ။ ဗုဒ္ဓဟူးနေ့ပွဲမှာ သူပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူအဆင်သင့်မဖြစ်သေးရင်၊ စွန့်စားရမယ်ဆိုရင်တော့ ပါဝင်ကစားမှာ မဟုတ်ပါဘူး” ဟု ဂွါဒီယိုလာက ဆိုသည်။







