Thursday, January 15, 2026
spot_img
spot_img

ဟော်လန်းသည် တစ်ပွဲ(၆)ဂိုးသွင်းပြီး ပရီးမီးယားလိဂ်၌ စံချိန်တင်နိုင်မည့်သူ၊ တစ်ရာသီလျှင် ပြိုင်ပွဲစုံဂိုး(၅၀)အထိ သွင်းယူနိုင်မည့်သူဟု အွန်နရီ သုံးသပ်

ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို အများဆုံးရယူထားသည့် အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီက လက်ရှိ မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် ပရီးမီးယားလိဂ်၏ ဂိုးသွင်းစံချိန်များကို ချိုးဖျက်နိုင်မည့်သူဟု သုံးသပ်ပြောကြားခဲ့သည်။

ဟော်လန်းသည် ယခုရာသီမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပွဲဦးထွက်အဖြစ် စတင်ယှဉ်ပြိုင်ကစားရခြင်းဖြစ်သော်လည်း (၁၃)ပွဲကစားရာတွင် (၁၈)ဂိုး သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ချီးကျူးမှုများစွာရရှိခဲ့သလို ယခုအခါ ဘင်ဖော်စတာနှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် အွန်နရီက ထပ်မံချီးကျူးခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းဖော်များ၏ ဖန်တီးနိုင်စွမ်းကြောင့် စံချိန်သစ်များ ရရှိနိုင်ကြောင်းလည်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။

“မန်စီးတီးအသင်းမှာ သူ တစ်ပွဲ(၆)ဂိုး သွင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီးအသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးပေးနိုင်လို့ပါ။ သူ တစ်ရာသီ ဂိုး(၅၀) သွင်းနိုင်မလားဆိုရင်တော့ လိဂ်တစ်ခုတည်းမှာ မရနိုင်ပေမဲ့ ပြိုင်ပွဲစုံမှာ ရနိုင်ပါတယ်”ဟု အွန်နရီက ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ပွဲတည်း၌ (၅)ဂိုးသွင်းယူနိုင်သည်မှာ အများဆုံးဖြစ်ပြီး ယင်းသို့သွင်းယူနိုင်သည့်ကစားသမားများမှာ အန်ဒီကိုးလ်၊ အလန်ရှီးယား၊ ဒီဖိုး၊ ဘာဘာတော့ဗ်နှင့် အဂွဲရိုးတို့ (၅)ဦးဖြစ်ကြောင်း သိရသည်။

ဟော်လန်းသည် ပရီးမီးယားလိဂ်၌ တစ်ပွဲ(၃)ဂိုးထက် ပိုမသွင်းနိုင်သေးသော်လည်း ဂိုးသွင်းစံချိန်သစ်များစွာကို ရယူနိုင်ခဲ့ခြင်းကြောင့် စံချိန်သစ်များ ထပ်မံရယူနိုင်လိမ့်ဦးမည်ဟု အွန်နရီ နည်းတူ ယုံကြည်သူများစွာလည်း ရှိနေသည်။

အွန်နရီက ၎င်းအပေါ် “သူက old-school တိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ကို အလန်ရှီးယားနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ဂယ်ရီလိုင်နီကာနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ဂတ်မူလာနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ပေါ်လိုရော့ဆီနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ပစ်ပိုအင်ဇာဂီနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

အွန်နရီကိုယ်တိုင်မှာမူ ပရီးမီးယားလိဂ်၌ တစ်ပွဲတည်းတွင် (၄)ဂိုးသာ အများဆုံးသွင်းယူနိုင်ခဲ့ဖူးပြီး ဂိုးသွင်းဘုရင်ဆုကိုမူ (၄)ကြိမ် ရယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments