မန်ယူတိုက်စစ်မှူး ဟွိုင်လန်းက မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး အနာဂတ်တွင် ဟော်လန်းကဲ့သို့ ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။
ဟော်လန်းနှင့် ဟွိုင်လန်းတို့သည် ဆာလ်ဇ်ဘာ့ဂ်အသင်းတွင် ကစားခဲ့ကြသူများဖြစ်ပြီး ဟွိုင်လန်းကို ဟော်လန်းနှင့် နှိုင်းယှဉ်ပြောဆိုမှုများလည်း ရှိနေသည်။

သို့သော် ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်း (၂၀ နှစ်)က မိမိအား ဟော်လန်းနှင့် မနှိုင်းယှဉ်လိုကြောင်း ပြောကြားခဲ့သည်။ ဟွိုင်လန်းက “ကျွန်တော့်အနေနဲ့ တစ်နေ့မှာ သူ့(ဟော်လန်း)အဆင့်အတန်းမျိုးရောက်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ စောလွန်းနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဟော်လန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ကို သူနဲ့ နှိုင်းယှဉ်နေတာမျိုးတွေ မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော့်အနေနဲ့ သူလိုဖြစ်လာ ဖို့ ရည်မှန်းထားပါတယ်။ အခုမှ ကျွန်တော့်အသက်က (၂၀) ပဲ ရှိသေးတာပါ။ နောက်ဆုံးမှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။
မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၁၂)ပွဲတွင် (၈)ဂိုးသွင်းယူထားပြီး ဟွိုင်လန်းမှာမူ မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၈) ပွဲတွင် (၃)ဂိုးသွင်းယူထားသည်။






