မန်စီးတီးတိုက်စစ်မှူး ဟော်လန်းနှင့် ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအကြား အနည်းငယ်သာ တူညီမှုရှိကြောင်း ဘာနာဒိုဆေးလ်ဗားက နှိုင်းယှဉ်သုံးသပ်ခဲ့သည်။
”ကိုယ်ရည်ကိုယ်သွေးပိုင်းအရတော့ ခြားနားပါတယ်။ ကွင်းပြင်ပမှာ သူဟာ ခရစ္စတီယာနိုနဲ့ အရမ်းကွဲပြားခြားနားတဲ့ ကောင်လေးတစ်ယောက်ပါ။ ကွင်းထဲမှာတော့ သူတို့ကြား အနည်းငယ်တူညီမှုရှိပါတယ်။ ဧရိယာထဲမှာ သူရှိနေချိန် ဂိုးသွင်းလိုစိတ် ပြင်းပြတာမျိုးပေါ့။ ဘောလုံးဟာ ဂိုးနဲ့နီးလာချိန်မှာ အာလင်း(ဟော်လန်း)ဟာ အမြဲတမ်း အဲဒီနေရာမှာ ရှိနေပါတယ်။ ဘောလုံး ဘယ်နေရာကိုကျမလဲကို သူ သိတယ်။ ခရစ္စတီယာနိုလည်း ဒီလိုပါပဲ။ တခြားနေရာတွေမှာတော့ သူ တို့ဟာ ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ ဒါပေမဲ့ ဂိုးသွင်းဖို့ဆာလောင်စိတ်၊ ဂိုးသွင်းပြီးရင်း သွင်းဖို့၊ အသင်းကို ကူညီဖို့စတဲ့အချက်တွေက တူညီပါတယ်”ဟု ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့သည်။

ထို့ပြင် ယခုနှစ် Ballon d’Or ဆုကို ဟော်လန်း ဆွတ်ခူးရရှိရန် မျှော်လင့်မိကြောင်းလည်း ဘာနာဒိုဆေးလ်ဗားက ဝန်ခံခဲ့သည်။
၎င်းက ”သူ ဒီဆုကိုရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ သူဟာ ကစားသမားကောင်းတစ်ယောက်သာမကဘဲ အရမ်းတော်တဲ့ ကောင်လေးတစ်ဦးပါ။ ပြီးတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားသာရရင် ဒီဆုဟာ သူနဲ့ ထိုက်တန်ပါတယ်” ဟု သုံးသပ်ခဲ့သည်။
Ballon d’Or ဆုကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှ မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒို(၂၀၀၈) တစ်ဦးသာ ဆွတ်ခူးရရှိထားကြောင်း သိရသည်။
၂၀၀၁ ခုနှစ်တွင် ယင်းဆုကို အိုဝင် ရရှိဖူးသော်လည်း ၂၀၀၇ ခုနှစ်တွင်မှ ကမ္ဘာလုံးဆိုင်ရာ ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။







