ဟာလန်းထက်စာလျှင် ဟယ်ရီကိန်းသည် မန်စီးတီးကစားကွက်နှင့် ပိုမိုသင့်လျော်သည့် တိုက်စစ်မှူး ဖြစ်ကြောင်း အာဆင်နယ်နှင့် ဘာဆာတိုက်စစ်မှူးဟောင်း အွန်နရီက ပြောဆိုလိုက်သည်။
ဒေါ့မွန်မှ မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ဟာလန်းသည် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူပေး နိုင်ခဲ့သည်။ အဆိုပါဂိုးများတွင် ပရီးမီးယားလိဂ် ၂၁ ပွဲကစားပြိး သွင်းယူထားသည့် ၂၅ ဂိုးလည်း ပါဝင်နေသည်။ သို့ရာတွင် ဘောလုံးဝေဖန်သူအချို့က ဟာလန်းရောက်ရှိလာခြင်းကြောင့် မန်စီးတီး ကစားကွက်တွင် အားနည်းချက်များဖြစ်ပေါ်လာကြောင်း သုံးသပ်ပြောဆိုကြသည်။

အွန်နရီက တစ်ပွဲလုံးကစားပုံအပေါ်ခြုံကြည့်လိုက်လျှင် ဟယ်ရီကိန်းသည် ဟာလန်းထက်စာလျှင် မန်စီးတီးအတွက်ပိုမိုးအကျိုးရှိမည့် ကစားသမားဖြစ်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
“အနိုင်ရတဲ့အသင်းတစ်သင်းကို တည်ဆောက်ချင်တယ်ဆိုရင် ကိန်းကို ပိုကြိုက်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောရမှာပါ။ မန်စီးတီးက ကိန်းကို လိုချင်ခဲ့တာ အားလုံးသိပါတယ်။ ကိန်းကို ခေါ်ဖို့ နောက်တစိကြိမ်ကြိုးစားဦးမယ်လို့ ထင်ခဲ့ပါတယ်။ သူက မန်စီးတီးကစားကွက်နဲ့ လုံးဝကိုက်ညိမှုရှိတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ သူက အဘက်ဘက်က ပြည့်စုံတဲ့ ကစားသမားမျိုးဖြစ်လာပါတယ်။ ဒါကို ကျွန်တော်ကြိုက်တာပါ။ သူက ဘာလုပ်နိုင်တယ် အထူးသဖြင့် ပြိုင်ဘက် ပင်နယ်တီဧရိယာထဲမှာ သူဘာလုပ်နိင်တယ်ဆိုတာ အားလုံးကသိပြီးသားပါ။ ဒီအချက်က ကျွန်တော်တို့အားလုံး လေးစားရမယ့် အချက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ ကိန်းက ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်လာပါတယ်”ဟု အွန်နရီက ပြောဆိုလိုက်သည်။

ဟာလန်းရောက်လာပြီးနောက် ပြိုင်ဘက်အသင်းများသည် မန်စီးတီး၏ ကစားကွက်ကို ခန့်မှန်းရ ပိုလွယ်သွားကြောင်း အွန်နရီက သုံးသပ်ပြောဆိုလိုက်သည်။ “ဒီဘရန်းနား ဘောလုံးရသွားရင် ဟာလန်းဆီပေးမယ် ဆိုတာကို အားလုံးကသိနေပါတယ်။ ဝင်းဂါးပြောတာတစ်ခုက ကျွန်တော့်စိတ်ထဲ စွဲနေပါတယ်။ မင်းကို ဘောလုံးပေးလို့မရရင် အသင်းက ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းပါ။ ဟာလန်း ရောက်လာပြီးနောက် မန်စီးတီးရဲ့ကစားကွက်ကို မှန်းဆရတာပိုလွယ်သွားတယ်”ဟု အွန်နရီက ပြောဆိုလိုက်သည်။
မန်စီးတီးသည် ယနေ့ည ၂ နာရီတွင် အာဆင်နယ်နှင့် ကစားရန်ရှိပြီး အဆိုပါ ပွဲရလဒ်သည် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းအတွက်များစွာအရေးပါလာဖွယ်ရှိသည်။






