Saturday, February 7, 2026
spot_img
spot_img

ဟာရီကိန်းအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် စပါးအသင်းမှ ထွက်ခွာရန် လီဗာပူးလ်နှင့် စပါးကွင်းလယ်ကစားသမားဟောင်း ဂျေမီရက်နက်ပ် တိုက်တွန်း

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နှင့် စပါးကွင်းလယ်ကစားသမားဟောင်း ဂျေမီရက်နက်ပ်က မန်ယူအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်းအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းမှထွက်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။ 

စပါးအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ အပြီး တွင် ရမှတ် ၅၇ မှတ်ဖြင့် အဆင့်ရှစ်နေရာအထိ ရောက်ရှိနေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဝင်ခွင့်များနှင့် လွဲချော်ခဲ့ရပြီဖြစ်သည်။ စပါးအသင်းအနေဖြင့် ယင်း ကဲ့သို့ ရုန်းကန်နေရခဲ့သော်လည်း ဟာရီကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ် ၃၇ ပွဲတွင် ၂၈ ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး ဟော်လန်း (၃၆ ဂိုး) ပြီးနောက် ဂိုးသွင်းအများဆုံးစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းသည် စပါးအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသော်လည်း ဂျေမီရက်နက်ပ်က ယခုအချိန်မှာ ဟာရီကိန်းအတွက် အသင်း မှထွက်ခွာရန် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂျေမီရက်နက်ပ်က “စပါးအသင်းရဲ့ လက်ရှိအခြေအနေက တည်ငြိမ်မရှိဘဲ ရှုပ်ထွေးနေပါတယ်။ ဟာရီကိန်းအနေနဲ့ အဲဒီလို အသင်းမျိုးမှာ နောက်တစ်ရာသီ ထပ်မကစားသင့်တော့ပါဘူး။ သူ့အနေနဲ့ အခုအချိန်ဟာ စပါးအသင်းက ထွက်ခွာဖို့ အကောင်း ဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်က မန်စီးတီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမဲ့ အခွင့်အရေးကိုလက်လွှတ်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူ့အနေနဲ့ အသင်းပြောင်းရွှေ့ခွင့်ရဖို့ တွန်းအားပေးသင့်ပါတယ်။ စပါးအသင်းအနေနဲ့ သူတို့လိုချင်တဲ့ အောင်မြင်မှုတွေရဖို့ ပြောင်းလဲမှုတွေ လုပ်ဆောင်ရမှာပါ။ ဟာရီကိန်းကို စပါးအသင်းနဲ့ သက်ဆိုင်သူတွေအားလုံး ဆုံးရှုံးခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟာရီကိန်းက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး သူဟာ စပါးအသင်းထက်ပိုကောင်းတဲ့ အသင်းနဲ့ ထိုက်တန်သူပါ”ဟု ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ကစားသမားဘဝအစပိုင်းတွင် အသင်းငယ်များသို့ အငှားသွားရောက်ကစားခဲ့သည်မှလွဲပြီး ကစားသမားဘဝတစ်လျှောက်လုံး စပါးအသင်းတွင်သာ ကစားနေသူဖြစ်သည်။ ၎င်းသည် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃၄ ပွဲတွင် ၂၇၈ ဂိုးသွင်း ယူထားပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။ ၎င်းကို ခေါ်ယူရန် မန်ယူအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ရီးယဲလ်မက်ဒရစ်နှင့် PSG တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments