ချဲလ်ဆီးအသင်းက ဒေါ့မွန်ကို မနေ့ညက ပွဲမှာ ၂-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ စတားလင်းက တစ်ဂိုး ဟာဗက်စ်က ပင်နယ်တီက တစ်ဂိုးသွင်းသွားတာလည်းဖြစ်ပါတယ်။ နှစ်ကျော့ပေါင်း ၂-၁ နဲ့အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာပါ။
ဒါပေမယ့် ပြောစရာဖြစ်လာတာက ဟာဗက်စ်ရဲ့ပင်နယ်တီက နှစ်ကြိမ်ကန်ခဲ့ရတာပဲဖြစ်ပါတယ်။ ပထမတစ်ကြိမ်ဟာဗက်စ်ရဲ့ကြိုးစားမှုက ဂိုးမဝင်ဘဲ တိုင်ထိပြီးထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က နောက်တစ်ကြိမ်ပင်နယ်တီကန်ခွင့်ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီပင်နယ်တီကလည်း စပေးကတည်းက အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ဒေါ့မွန်ဘက်က လက်ထိတယ်ဆိုပြီး ဗီအေအာဆုံးဖြတ်ချက်နဲ့ ပင်နယ်တီပေးခဲ့တာပါ။ ဘန်ချီးဝဲလ်ရဲ့ဖြတ်တင်ဘောက ဒေါ့မွန်ဘယ်အစွန်ခံစစ်မှူး မားရီးယပ်စ်ဝုဖ်ရဲ့ လက်နဲ့ထိတယ်ဆိုပြီး ချဲလ်ဆီးတို့ပင်နယ်တီရခဲ့တာပဲဖြစ်ပါတယ်။
ဒါကိုလည်း ဒေါ့မွန်ဘက်က ကစားသမားတွေက ကန့်ကွက်နေတဲ့ကြားကနေ ပင်နယ်တီရခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ်မဝင်တော့ နောက်တစ်ကြိမ်ထပ်ကန်ခွင့်ရခဲ့တာပါ။
ဘာဖြစ်လို့ပင်နယ်တီကို နောက်တစ်ကြိမ်ကန်ခွင့်ပေးရတာလည်းဆိုတာ အရမ်းကို ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဟာဗက်စ်ပင်နယ်တီကို ပထမတစ်ကြိမ်ကန်စဉ်မှာ ကန်မလို့ပြေးလာရင်း ခဏရပ်လိုက်ပါတယ်။ ဒီလိုရပ်လိုက်တဲ့အချိန်အခိုက်အတန့်လေးမှာပဲ ဒေါ့မွန်ကစားသမားတွေက ပင်နယ်တီဧရိယာထဲကို ပြေးဝင်လာခဲ့ပါတာဖြစ်ပါတယ်။ ဒီအကြောင်းပြချက်နဲ့ ကွင်းလယ်ဒိုင်က ဟာဗက်စ်ကိုနောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်တစ်ကြိမ်ကန်သွင်းရာမှာလည်း ဟာဗက်စ်က ပထမတစ်ကြိမ်ကန်စဉ်ကလိုပဲ ပြုမူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂိုးသမားရဲ့ ဘယ်ဘက်အောက်ထောင့်ကို ချောချောမောမောဂိုးဝင်သွားပြီး ချဲလ်ဆီးတို့အသာရခဲ့တာပဲ ဖြစ်ပါတယ်။
ဟာဗက်စ်ရဲ့ပင်နယ်တီက ချဲလ်ဆီးအသင်း နောက်တစ်ဆင့်တက်ရေးကို အဆုံးအဖြတ်ပေးခဲ့တာဖြစ်သလို ဖိအားတွေအောက်ကို ရောက်နေတဲ့ ချဲလ်ဆီးမန်နေဂျာပေါ်တာအတွက်လည်း အရမ်းကို အရေးပါနေခဲ့ပါတယ်။ ဟာဗက်စ် ဒုတိယတစ်ကြိမ်ပင်နယ်တီကန်သွင်းနေချိန်မှာ ပေါ်တာက မကြည့်ရဲလို့ အောက်ကို ငုံ့နေခဲ့ရပါတယ်။
ပေါ်တာရဲ့အသင်းက နောက်တစ်ပွဲအဖြစ် လာမယ့်စနေနေ့မှာ လက်စတာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။






