ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ မိုနာကို အသင်းထံကနေ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီကို ပေါင် ၃၈.၅ သန်း ၊ ၅နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူသွားခဲ့ပါတယ် ။ ညာခြမ်း ဗဟိုခံစစ်မှာ ၄င်းရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော် ဝက်စ်လေ ဖိုဖာနာ ကာလရှည် ဒဏ်ရာ ရလို့ ခွဲစိတ်မှု ခံယူထားတာကြောင့် ချဲလ်ဆီးက ၄င်းကို အခုလိုပဲ ခေါ်ယူလိုက်တာ ဖြစ်ပါတယ် ။
အသက် ၂၅နှစ် အရွယ်ရှိ ဒီဆာဆီဟာ မိုနာကိုမှာ အဓိက ခံစစ်မှူး အဖြစ် တာဝန်ယူခဲ့ပြီး ၊ ဖိုဖာနာ နည်းတူ ဒဏ်ရာ ရထားတဲ့ ပြင်သစ် ယူ၂၁ ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်နဲ့ အတူ တွဲဆော့ဖူးခဲ့ပါတယ် ။ အခုအခါမှာတော့ ၄င်းတို့ ၂ဦး ချဲလ်ဆီးမှာ အတူတူ ပြန်ဆုံကြပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကစားသမားသစ် အဖြစ် ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒီဆာဆီက မိုနာကိုမှာတုန်းက အတူတွဲကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ် အပြင် ၊ အခြားသော ချဲလ်ဆီး ဂန္တဝင်တွေ ဖြစ်ကြတဲ့ ဒီဒီယာ ဒရော့ဘာ ၊ ဖရန့် လမ်းပတ် ၊ အီဒင် ဟာဇက်နဲ့ ဒေးဗစ် လူးဝဇ်တို့ရဲ့ ကစားပုံတွေကို စောင့်ကြည့်ခဲ့ရကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
ဒီဆာဆီ က ” ချဲလ်ဆီးပွဲတွေ အကြောင်း စဉ်းစားလိုက်တာနဲ့ ကျွန်တော့ရဲ့ စိတ်ထဲ မျက်မှန်းတန်းရောက်လာတဲ့ အခိုက်အတန့် တခုက ( ၂၀၁၂ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲပြီးခါနီး ) ဒရော့ဘာရဲ့ ခေါင်းတိုက်သွင်းဂိုးပဲ ဖြစ်ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ၁၄နှစ် အရွယ်ပဲ ရှိခဲ့ပြီး ၊ ဒါက ကျွန်တော့စိတ်ထဲ ကြီးမားတဲ့ ထင်ဟပ်မှု ကျန်ရစ်စေခဲ့ပါတယ် ။ ”
” ဟာဇက် ၊ ဒရော့ဘာ ၊ လမ်းပတ်တို့ကို ကြည့်ရတာ နှစ်သက်ပါတယ် ။ ဒေးဗစ်လူးဝဇ်ကိုလည်း ကျွန်တော် အတော် ကြိုက်နှစ်သက်ပါတယ် ။ သူဟာ တကယ် ရူးလောက်စရာကောင်းပါတယ် ။ ကွင်းတွင်း သူ့ရဲ့ ကစားပုံကို ကြည့်ရတာ ပျော်ဖို့ကောင်းသလို ၊ သူဟာ အဝေးကနေ ဂိုးသွင်းတတ်ပါတယ် ။ ကျွန်တော်လည်း တခါတလေ ဒီလိုမျိုး ကန်တတ်ပါတယ် ။ ”

” နောက်ပြီး ဆက်စ်ဖာဘရီဂတ်စ်ပါ ။ မိုနာကိုမှာ ကျွန်တော် သူနဲ့ ၂နှစ်ကြာ တွဲကစားခဲ့ပါတယ် ။ သူဟာ တကယ် အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ဒီကစားသမားတွေက ကျွန်တော့ အတွက် သိသာထင်ပေါ်တဲ့သူတွေ ဖြစ်ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ဒီဆာဆီ က ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာနိုင်ခြင်းနဲ့ ပတ်သက်ပြီး ” ဒါက ကျွန်တော် စောင့်မျှော်နေတဲ့ အရာ ဖြစ်ပါတယ် ။ ဒီကို ရောက်လာရလို့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဒီကြီးကျယ်တဲ့ မိသားစုရဲ့ တစိတ်တပိုင်းမှာ ပါဝင်ခွင့် ရလို့ ကျွန်တော် အမှန်တကယ် ဂုဏ်ယူမိပါတယ် ။ ဒ်ီမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ် ။ ”
” ဆုဖလားတွေ ရယူနိုင်ဖို့ ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံး လုပ်ပေးသွားပါမယ် ။ ကျွန်တော်ဟာ အရမ်း ရည်မှန်းချက် ပြင်းထန်ပါတယ် ။ ပရိသတ်တွေဆီက အားပေးမှုကို ကျွန်တော် ခံစားသိရှိဖို့ မစောင့်နိုင်တော့ပါဘူး ။ ဒါက အရမ်းကောင်းတဲ့ ဘောလုံးကွင်း တကွင်းပါပဲ ။ ပရိသတ်တွေ အတွက် လှပတဲ့ မြင်ကွင်း တခု ခင်ဗျားမှာ ရှိပါတယ် ။ ဒါဟာ တကယ့် အင်္ဂလိပ် ဘောလုံးကွင်း တကွင်းပါပဲ ။ ”
” ပရီးမီးယားလိဂ်က ပရိသတ်တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ၊ ပတ်ဝန်းကျင် ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တွေ … ဒါတွေက ကျွန်တော့ကို စိတ်လှုပ်ရှားစေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






