အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ်ဟာ ယခုနှစ် နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီး အသင်းက ထွက်ခွာမယ့် ကစားသမားစာရင်းထဲ တဦး အပါအဝင် ဖြစ်နေပြီး စီးရီးအေ ထိပ်သီး ကလပ် ၂သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ ယူဗင်တပ်စ်တို့ဟာ ၄င်းကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ် ။
လောလောဆယ် ၂နှစ် စာချုပ် ကျန်နေသေးပေမယ့် လက်ရှိ ချဲလ်ဆီး တောင်ပံကစားသမား ပွဲထွက်ခွင့် အမှတ်စဉ်မှာ နောက်ဆုံး နေရာကို ရောက်နေတာကြောင့် ပူလီဆစ် တယောက် အသင်းပြောင်းချင်နေတာ အံ့သြစရာမရှိနိုင်ပါဘူး ။

လာမယ့် ဇူလိုင် တရက်နေ့မှာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို ချဲလ်ဆီး အသင်းကို စတင် ကိုင်တွယ်မှာ ဖြစ်လို့ ကျန်ရစ်နေသေးတဲ့ ကစားသမားတိုင်း သုညက ပြန်စဖို့ အခွင့်အရေး ရှိနေပေမယ့် အသက် ၂၄နှစ် အရွယ်ရှိ ယင်းအမေရိကန်အသင်းခေါင်းဆောင်ကတော့ အသင်းပြောင်းဖို့ အကြောင်း အခုလို အရိပ်အမြွက် ဖွင့်ဟလာပါတယ် ။
ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပူလီဆစ် က ” ဒါဟာ ကျွန်တော့ အနေနဲ့ ကိုယ့်ရဲ့ အနာဂတ် အတွက် ဘယ်နေရာကို ပြောင်းတာက အကောင်းဆုံး ဖြစ်မလဲ ၊ ဘယ်နေရာက ကိုယ့်ကို ယုံကြည်မှု ပေးမလဲ ဆိုတာ သေသေချာချာ စဉ်းစားဆုံးဖြတ်ရမယ့် အချိန် ဖြစ်ပါတယ် ။
ကလပ်အဆင့်မှာ ကျွန်တော် ဘောလုံးကစားရတာ ပြန်ပြီး ပျော်မွေ့ချင်ပါပြီ ။ ဒါက သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကနေဒါ လက်ရွေးစင် အသင်းကို ၂ – ၀ နဲ့ အနိုင်ရကာ အမေရိကန် လက်ရွေးစင် အသင်းနဲ့ အတူ ၂ထပ်ကွမ်း နေရှင်လိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ထိုဖိုင်နယ်ပြီးနောက် အမေရိကန်တို့ နည်းပြသစ် အဖြစ် မနှစ်ကမှ လမ်းခွဲခဲ့တဲ့ နည်းပြဟောင်း ဂရဂ် ဘာဟော်လ်တာကို ပြန်လည် ခေါ်ယူခန့်အပ်ခဲ့ပါတယ် ။
ဘာဟော်လ်တာဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား အပြီး စာချုပ်သက်တမ်း ပြည့်ခဲ့လို့ လမ်းခွဲအပြီး ၁၉၉၁ကတည်းက ဇနီးဖြစ်သူကို အိမ်တွင်းအကြမ်းဖက်နှိပ်စက်မှု လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရမှု အတွက် ရုံးတက်ခဲ့ရတာ ပြီးခဲ့တဲ့ မတ်လမှ ထိုအမှု အဆုံးသတ်ခဲ့ပါတယ် ။

ဒါနဲ့ ဆက်စပ်ပြီး အခု တကြိမ် အမေရိကန် နည်းပြ ပြန်ဖြစ်လာခြင်းနဲ့ ပတ်သက်ကာ ဘာဟော်လ်တာဟာ လူအများရဲ့ ဝေဖန်မှုကို ခံနေရပါတယ် ။ ပူလီဆစ်ကတော့ ၄င်းဖက်ကနေ အခုလို ကာကွယ်ပြောဆိုသွားပါတယ် ။
ပူလီဆစ် က ” ကျွန်တော်ကတော့ ချီးကျူးရမယ့်သူကို ချီးကျူးလိုက်တာပါပဲ ။ ဒီလို ဝေဖန်မှုတွေ ကြားရတာက ကျွန်တော့ကို နည်းနည်းပါးပါးတော့ စိတ်ပျက်စေပါတယ် ။ ကျွန်တော်ကတော့ ဒါကို ဘယ်လိုမှ နားမလည်တော့နိုင်တော့ပါဘူး ။ ”
” သူဟာ ဒီကို ရောက်လာပြီး နေရှင်လိဂ် ၊ ကွန်ကာကပ်ဖ် ဖလားတွေ ယူပေးခဲ့ပါတယ် ။ အခုတခါ ကျွန်တော်တို့ နေရှင်လိဂ် ဖလား ထပ်ရပြန်ပါပြီ ။ ကမ္ဘာ့ဖလားမှာလည်း အတော်အသင့် ကောင်းမွန်တဲ့ အနေအထား အထိ ရောက်ခဲ့ပါတယ် ။ ”
” ဘာလို့ ခင်ဗျားတို့ တောင်ပြောမြောက်ပြော သူ့ကို ဒီလောက်ထိ ဝေဖန်နေကြရတာလဲ ? တချို့သော အရာတွေမှာ သူလည်း ခင်ဗျားတို့ ပြောတာနဲ့ သဘောတူကောင်း တူပါလိမ့်မယ် ။ ဒါပေမယ့် အခုလောက်ထိ ဝေဖန်နေကြတာက နည်းနည်းတော့ ရူးလောက်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






